နေပြည်တော် ၁၈ မတ် 

 

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဉက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် အထူးဖိတ်ကြားထားသည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဆက်အောင်၊ ဦးဗရတ်ဆင်းနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌ ဦးစိုးမင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဉက္ကဋ္ဌက COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသော လုပ်ငန်းကဏ္ဍများဖြစ်သည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုသရမည့် ကဏ္ဍအဖြစ် သတ်မှတ်ကာ မတည်ငွေတစ်ရပ်ဖြင့် COVID-19 FUND ထူထောင်သွားရန်နှင့် အဆိုပါ ရန်ပုံငွေဖြင့် COVID-19  ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP  လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများကို စီးပွားရေးထိခိုက်မှုအပေါ်မူတည်၍ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။  

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများကို ကုစားရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

 

သတင်းစဉ်