၂၄ ဧပြီ
COVID-19 ကြောင့် တရုတ်နိုင်ငံအတွင်းသို့ ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့်သာ ဝင်ခွင့်ပြုသဖြင့် ကုန်ကားဝင်ရောက်မှု ထက်ဝက်လျော့ကျပြီး အစီးရေ ၃၀၀ ဝန်းကျင်သာ ဝင်ရောက်နိုင်ကြောင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်မှ ဒုဥက္ကဌ ဦးအောင်သက်ဦး က ဧပြီ ၂၄ ရက်တွင် ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် COVID-19 အဆုတ်ရောင်ရောဂါကို မပျံ့နှံ့စေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေးကို တင်းကျပ်စွာ ဆောင်ရွက်လျှက်ရှိပြီး ဧပြီ ၁ ရက်မှစ၍ မူဆယ်ခရိုင်နှင့် ထိဆက်လျက်ရှိသော ဂိတ်ပေါက်များဖြစ်သည့် မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ ကျင်စန်းကျော့ဂိတ်၊ ပန်ဆိုင်း (ကြူကုတ်)ဂိတ်နှင့် မန့်ဟီးရိုးဂိတ်မှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်သို့ လူဝင်လူထွက် ခွင့်မပြုတော့ဘဲ သစ်သီးကားများ ကုန်သွယ်မှုပြုနေသည့် ကျင်စန်းကျော့ဂိတ်မှသာ ကုန်တင်ယာဉ်များကို အဝင်/အထွက် ခွင့်ပြုထားသည်။
အဆိုပါ ကုန်တင်ယာဉ်များကို အဝင်/အထွက် ခွင့်ပြုထားသည့် ကျင်စန်းကျော့ဂိတ်တွင်လည်း COVID-19 ကပ်ရောဂါ အခြေအနေ၏ သက်ရောက်မှုများကြောင့် တရုတ်ကျန်းမာရေးဌာနမှ မြန်မာယာဉ်မောင်းများ တိုက်ရိုက်မောင်းဝင်သော စနစ်အစား ဧပြီ ၂၀ ရက်မှစ၍ တရုတ်နိုင်ငံဘက်ခြမ်းရှိ အစားထိုး ယာဉ်မောင်းဖြင့်သာ ဝင်ခွင့်ပြုထားသည်။
ထိုသို့ အစားထိုးယာဉ်မောင်းဖြင့် ဝင်ခွင့်ပြုသောကြောင့် ယခင်က တစ်ရက်လျှင် ကုန်ကားအစီးရေ ၆၀၀ ခန့် ဝင်ရောက်နိုင်သော်လည်း ယခုအခါ တစ်ရက်လျှင် ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင်သာ ဝင်ရောက်နိုင်ကြောင်း ဦးအောင်သက်ဦး က ပြောသည်။
"အဓိကက အစားထိုးယာဉ်မောင်း ဖြစ်သွားတာနဲ့ တစ်ရက်ကို ၅၀၀/ ၆၀၀ ဝင်တာကနေ တစ်ရက်ကို အစီး ၂၀၀/၃၀၀ ဘဲ ဝင်တဲ့အနေအထားမှာ ကားတွေက ထပ်ထပ်သွားတယ်၊ နောက်ကရောက်တဲ့ အသစ်တွေက နောက်မှာ ဆက်တန်းစီတော့ အစောပိုင်းကဆို အစီးရေ ၁၅၀၀/၂၀၀၀ လောက် ဖြစ်သွားတဲ့အနေအထားမှာ ဝင်တာက အစီး ၂၅၀ နဲ့ ၃၀၀ ဆိုတော့ အဆင်မပြေတော့ အသီးတွေက အောက်ကတင်ပို့တယ်၊ ဒီဘက်မှာက ထွက်ပေါက်က တစ်ပေါက်ထဲ ဖြစ်နေတော့ ဒီကြန့်ကြာမှုက လမ်းပိုင်းမှာ တော်တော်လေး ထပ်သွားတယ်၊ ပြီးရင် ကျော်တတ်တဲ့ကားတွေနဲ့ဆိုတော့ ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်သွားတော့ ပိုပြီးတော့ ကြန့်ကြာမှုတွေ ဖြစ်သွားတာပေါ့"ဟု ဦးအောင်သက်ဦးက ပြောသည်။
သို့ဖြစ်၍ အစိုးရအနေဖြင့် ယာဉ်လမ်းကြော ရှင်းလင်းရန်အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဖြင့် စနစ်တကျ လုပ်ဆောင်ပေးသင့်ကြောင့် ၎င်းက ထပ်မံပြောကြားသည်။
ထို့ပြင် အစားထိုး ယာဉ်မောင်းဖြင့် မောင်းနှင်သောကြောင့် မိမိကားအား သူများသို့ ပေးမောင်းရခြင်း၊ ကား၏ဖွဲ့စည်းပုံ မတူခြင်းကြောင့် မောင်းနှင်မှုများတွင် အဆင်မပြေခြင်း စသည့် အခက်အခဲများလည်း ရှိကြောင်း သိရသည်။
ငြိမ်းငြိမ်း


