နေပြည်တော်၊ ၇ ဇန်နဝါရီ

 

တပ်မတော်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ ယနေ့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်းတစ်ထောင်ကို ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင်နှုန်းနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ ပြည့်နှစ် မေလတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း စုစုပေါင်းငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်အား စုပေါင်းပါဝင် လှူဒါန်းခဲ့ကြပြီး စုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ဝယ်ယူ၍ ဆေးရုံများ၊ လူမှုအဖွဲ့အစည်းများ၊ တပ်မတော်က စီစဉ်ထားသော သီးခြားစောင့်ကြည့်သူများ ထားရှိရန်နေရာများနှင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများထားရှိရန် နေရာများသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း။

 

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံအတွက် လိုအပ်လျက်ရှိသော COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်းတစ်ထောင်ကို ပထမအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် လိုအပ်ချက်အရ ဆက်လက်ထည့်ဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်