နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင် (၂၈) ရက်
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဤ COVID-19 ကပ်ရောဂါကာကွယ် ထိန်းချုပ်ခဲ့ခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒဆိုင်ရာ ရှုထောင့်၊ ကုသရေးပိုင်း ဆိုင်ရာရှုထောင့်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားရှုထောင့်မျိုးစုံမှ ကြည့်ရှု၍ သုံးသပ်ပြီး ဆောင်ရွက်ခဲ့ပါသည်။
• ယင်းသို့ ကာကွယ်ထိန်းချုပ်ရာ၌ ဤကပ်ရောဂါ၏ ဖြစ်ပွားမှုပုံသဏ္ဌာန်၊ ကူးစက်ပြန့်ပွားမှုအရှိန်အဟုန်ပေါ် မူတည်၍ ထိန်းချုပ်ရေးလုပ်ငန်းများကို လိုအပ်သလို အားထည့်မှုပြုပြီး ပြောင်းလဲကျင့်သုံးကာ ဆောင်ရွက်ခဲ့ ပါသည်။
• ယခုအခါထိန်းချုပ်မှုများကို ဖြေလျှော့မှုများ ပြုလုပ်ရာ၌လည်း "စပရိန်တစ်ခုကို ဖိထားရာမှ ရုတ်ချည်းလွှတ် လိုက်ပါက တွန်းကန်ခုန်ထွက်သွားနိုင်သဖြင့် တစ်ဖြည်းဖြည်းသာ ဖိအားကို လျှော့ချရသည့် အလားသဏ္ဌာန်နှင့် တူစွာ" ရောဂါ၏ ဖြစ်ပွားမှုအရှိန်အဟုန်နှင့် ပျံ့နှံ့ကူးစက်မှုပေါ် မူတည်၍ ဖြေလျှော့မှုများကို တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းလျှော့ချ၍ ဆောင်ရွက်လျက်ရှိပါသည်။
• ထိန်းချုပ်မှုကာလတစ်လျှောက်လုံး၌လည်း ချိန်သားကိုက် ပူးပေါင်းဆောင်ရွက်မှု (synchronized coor-dination)၊ အချိန်နှင့် တစ်ပြေးညီ သတင်းအချက်အလက်မျှဝေမှု (real time information sharing)၊ လျင်မြန် တုံ့ပြန်ဆောင်ရွက်မှု(quick response)၊ ပြည်သူများ၏ ကျန်းမာရေးအသိပညာရှိမှု (health literacy of the population)တို့သည် အရေးကြီးသဖြင့် ၎င်းအချက်များကို နောက်ခံထားဆောင်ရွက်ကာ ထိန်းချုပ်မှုလုပ်ငန်းများကို ကျင့်သုံးလျက်ရှိပါသည်။
• ဤကပ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် အစိုးရတစ်ရပ်လုံးချဉ်းကပ်မှု (whole-of-government appr-oach)၊ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး ချဉ်းကပ်မှု (whole-of-society approach)၊ ပညာရပ် နယ်ပယ်စုံပါဝင်မှု (whole of discipline involvement)နှင့် ကဏ္ဍစုံပါဝင် ပေါင်းစပ်ချဉ်းကပ်မှု (sector wide approach) ပုံစံများ ကျင့်သုံး၍ ဆောင်ရွက်လျက်ရှိသည်သာမက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုကိုခံယူကာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်၌ မိမိတို့ ဆောင်ရွက်နေမှု အခြေအနေအရပ်ရပ်အား စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်းကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး အားနည်းချက်များနှင့် လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
• ကပ်ရောဂါတစ်ခု၌ ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်၊ တိုးခြင်းလျော့ခြင်းမရှိ တန့်နေချိန်နှင့် ကျဆင်းနေချိန် (ascending, plateau and descending limb) ဟူ၍ ကပ်ရောဂါဂရပ် (epidemic curve) ရှိရာ ယခုအခြေအနေ၌ ဖြစ်ပွားမှုကျဆင်းနေသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။
• ယခုအခါ ဖြေလျော့မှုများကို ဆောင်ရွက်ပေးလျက်ရှိသဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော နိုင်ငံသားများ နိုင်ငံတွင်းသို့ တစ်နေ့တစ်ခြား များပြားစွာ ပြန်လည်ဝင်ရောက်လာခြင်း၊ စက်ရုံနှင့် အလုပ်ရုံများ ပြန်လည်လည်ပတ်လာခြင်း၊ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်လာခြင်း အစရှိသည် များကို ဖြေလျော့မှုများဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ညွှန်ကြားထားသည့် ဆောင်ရန် ရှောင်ရန်များကို တိကျစွာ လိုက်နာရန်လိုပါမည်။ မလိုက်နာပါက ကူးစက်မှုဒုတိယလှိုင်းဖြစ်လာမည် ဖြစ်ပါသည်။
• လာမည့် တစ်လ၊ နှစ်လ၊ သုံးလတာအချိန်ကာလအတွင်း၌ မိမိတို့နိုင်ငံတွင် ကူးစက်မှု ဒုတိယလှိုင်း မကျရောက် ပါကလည်း COVID-19 ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားမှုများ အနည်းငယ်နှေးကွေးစွာဖြင့် ဆက်လက် ရှိနေဦးမည်ဖြစ်ပါသည်။ ထိုကဲ့သို့ COVID-19 ဗိုင်းရပ်စ်ပိုး ဆက်လက်တည်ရှိနေတော့မည့် အခြေအနေ သစ်တွင် မိမိတို့ပြည်သူများသည် ရောဂါကူးစက်ဖြစ်ပွားမှုမရှိအောင် နေ့စဉ်ပုံမှန်ဘဝ၌ မည်ကဲ့သို့ ဆက်လက် နေထိုင်သွားလာ၍ လုပ်ငန်းများ လုပ်ကိုင်ရမည်ကို ကြိုတင်စဉ်းစားပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါသစ်တစ်မျိုး တွေ့ရှိသည်ဟု သတင်းရရှိသည်နှင့် တစ်ပြိုင်နက်တည်း (၂၀၂၀) ပြည့်နှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစ၍ ညွှန်ကြားချက်များ ချက်ချင်းထုတ်ပြန်၍ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဇန်နဝါရီ (၃၀) ရက်၌ COVID-19 ကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေ (Public Health Emergency of International Concern) အဖြစ် ကြေညာခဲ့ပြီး ကူးစက်ဖြစ်ပွားမှု ပုံသဏ္ဌာန်အလိုက် သက်ဆိုင်ရာနိုင်ငံများမှ ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို အကြံပြုတိုက်တွန်းချမှတ် ခဲ့ရာ မိမိတို့ မြန်မာနိုင်ငံနှင့် အကြုံးဝင်သည့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး ဖြစ်နေပါသည်။
• ထို့အပြင် မတ်လ (၁၁) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ COVID-19 အား ကမ္ဘာ့ကပ်ရောဂါ (Pandemic)အဖြစ်ကြေညာပြီး ရောဂါဖြစ်ပွားမှုပုံသဏ္ဌာန်အရ သက်ဆိုင်ရာနိုင်ငံများမှ ဆောင်ရွက်သင့်သည့်အချက်များကို အကြံပြုပြောကြားခဲ့ရာ၌လည်း မြန်မာနိုင်ငံ၌ ထိုအချက် အားလုံးဆောင်ရွက်ပြီး ဖြစ်နေသည့်အခြေအနေတွင် ရှိခဲ့ပါသည်။
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိသေးခင် ကာလတွင် နေ့စဉ်အစည်းအဝေးများပြုလုပ်ကာ နိုင်ငံတကာမှ အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်ရမည့် လုပ်ငန်း များကို ရရှိသောအရင်းအမြစ်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
• ဤရောဂါစတင်ဖြစ်ပွားချိန်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် သိပ္ပံနည်းကျ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ဌာနတွင်း ညွှန်ကြားချက် များကို ပြုစုထုတ်ဝေရခြင်း၊ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာရမည့် အကြောင်းအရာအချက် အလက်များကို အသိပေးထုတ်ပြန်ရခြင်း၊ COVID-19 လူနာများကို ကုသမှုပေးနိုင်ရန်အတွက် ဆေးရုံများကို အသင့်အနေအထားဖြစ်အောင် ပြင်ဆင်ရခြင်းများကို ဆောင်ရွက်ရသဖြင့် မိမိတို့ဝန်ကြီးဌာန၏ အခန်းကဏ္ဍသည် အထူးအရေးကြီးခဲ့ပါသည်။
• ရောဂါဖြစ်ပွားလာသည့် အချိန်ကာလကြာလာသည်နှင့်အမျှ အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရနှင့်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ အခန်းကဏ္ဍအရေးကြီးမှုသည် တစ်ဖြည်းဖြည်း မြင့်တက်လာပါသည်။ ယခုအချိန်ကာလ၌ ဤကပ်ရောဂါကို ဆက်လက်ပြီး အောင်မြင်စွာထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ ပြည်သူလူထု၏ စိတ်ပါဝင်စားမှုနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်မှုအပေါ်၌ များစွာမူတည်နေပါသည်။
• (၂၄-၁-၂၀၂၀)ရက်နေ့မှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများ၊ ရောဂါဗေဒပညာရှင်များ၊ ဓာတ်ခွဲပညာရှင်များ၊ သမားတော်ကြီးများ၊ ကူးစက်ရောဂါဗေဒ ဆရာဝန်များနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးများအပြင် ဆွေးနွေးပွဲများကို Videoconferencing ဖြင့် အစဉ်မပြတ် ပြုလုပ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ အခက်အခဲပြဿနာများကို ဖြေရှင်းပေးခြင်းနှင့် လမ်းညွှန်ချက် များပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ ပါဝင်သော Rapid Response Team များသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့သို့ သွားရောက်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် ပါဝင်အားဖြည့် ကြီးကြပ်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
• ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါ ဖြစ်ပွား/သေဆုံးမှုအခြေအနေ၊ ရောဂါ၏ သဘောသဘာဝ (Epidemi- ological situation and natural history of COVID-19) ကို နေ့စဉ်လေ့လာသုံးသပ်စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သောမဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းများ ချမှတ်ကျင့်သုံးခြင်းနှင့် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။
• ယခုကဲ့သို့ COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ခြင်း၌ ပြည်ပမှ နိုင်ငံတွင်းသို့ ဝင်ပေါက် များဖြစ်သည့် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပြည်သူများအားလုံး၏ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်မှုများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
• ထို့အပြင် လူနာများအား ကုသမှုပေးရာတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အသွားအလာ ကန့်သတ်ထားရှိရာတွင် အသုံးပြုသည့်ပစ္စည်းကိရိယာများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည့်စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးမှုများသည် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် များစွာအထောက်အကူပြု၍ အင်အားဖြစ်စေခဲ့ပါသည်။
• ယခုအချိန်၌ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အလွန်အရေးကြီးပြီး ရောဂါကာကွယ်ရေးနည်းလမ်း များကို လိုက်နာဆောင်ရွက်မှု ဆက်လက်မြင့်မားနေပါက ကူးစက်မှု ဒုတိယလှိုင်းဖြစ်ရန် အလားအလာ အလွန် နည်းပါးမည် ဖြစ်ပါသည်။
• ရောဂါပိုး စတင်တွေ့ရှိသော (၂၃-၃-၂၀၂၀)မှ ယခု (၂၈-၇-၂၀၂၀) နံနက်ပိုင်းအထိ ပိုးတွေ့ လူနာ စုစုပေါင်း (၃၅၀)ဦး၊ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ (၂၀)ဦး၊ အသက်ရှူစက် အသုံးပြုခဲ့ရသူ (၅) ဦး၊ ရောဂါပိုးကင်းစင်လာသူ (၂၉၂) ဦးနှင့် သေဆုံးသူ (၆) ဦးရှိပါသည်။ ယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင်၌ ကုသပေး နေရသူနှင့် အသက်ရှူစက်အသုံးပြု၍ ကုသပေးနေရသူ မရှိပါ။
• မြန်မာနိုင်ငံတွင် တွေ့ရှိရသောရောဂါလက္ခဏာပြသသည့် COVID-19 လူနာများ (symptomatic casess)တွင် ချောင်းဆိုးခြင်း (၅၃%)၊ ဖျားနာခြင်း (၅၀%)၊ လည်ချောင်းနာခြင်း (၂၂%)၊ အသက်ရှူရခက်ခဲခြင်း (၁၉%) စသည့် လက္ခဏာများကို တွေ့ရှိရမှုများပြားပါသည်။
• သို့သော် မြန်မာနိုင်ငံ၌ ယနေ့အထိ တွေ့ရှိချက်အရ (၆၀) ရာခိုင်နှုန်းသော ပိုးတွေ့လူနာများ၌ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသည့် (asymptomatic)အချက်သည် အရေးကြီးပြီး ပြည်သူများအတွင်း၌ မည်မျှရှိနေနိုင်သည် ကို သိရှိနိုင်ရန်အတွက် ပေးအပ်ထားသော စွမ်းအားအရင်းအမြစ်ကို နောက်ခံထား၍ ဓာတ်ခွဲစစ်ဆေးမှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနအပြင်အခြားဓာတ်ခွဲခန်းများ (မော်လမြိုင်၊ မန္တလေး) တွင် ဇီဝလုံခြုံမှုအဆင့်အတန်း (Biosafety Level) မြှင့်တင်ပြီး ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက် နိုင်ခြင်းသည် နိုင်ငံအတွက် အလွန်အကျိုးရှိပြီး မြင်သာသော တိုးတက်မှုဖြစ်ပါသည်။ မကြာမီကာလ၌ တောင်ကြီး မြို့တွင် COVID-19 ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများကို စတင်ပြုလုပ်တော့မည်ဖြစ်ပြီး လားရှိုးမြို့၌လည်း စစ်ဆေး နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
• ယခုလတ်တလောအချိန်၌ တွေ့ရှိရသောပိုးတွေ့လူနာများမှာ ပြည်ပမှ လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ဝင်ရောက်လာသူများဖြစ်သဖြင့် ၎င်းတို့အားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရာနေရာများ၌ အထူးစနစ်တကျထားရှိ စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိပါသည်။ ယခုအချိန်အထိ ၎င်းတို့မှတစ်ဆင့် ထပ်မံကူးစက်မှုများ မရှိသေးပါ။
• မြန်မာနိုင်ငံ၌ ရောဂါပိုးစတင်တွေ့ရှိသည့်အချိန်မှ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ (၃၅၀)ဦး ၏ (၅၄%)ဖြစ်သော (၁၈၉) ဦးမှာ ပြည်ပနိုင်ငံများမှ နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများဖြစ်ပြီး ၎င်းလူနာများအနက် အိန္ဒိယ နိုင်ငံမှ ပြန်လာသူ (၆၄) ဦးနှင့် ယူအေအီးနိုင်ငံမှ ပြန်လာသူ (၁၅) ဦးတို့တွင် ရောဂါပိုးတွေ့ရှိရပါသည်။ ဓာတ်ခွဲ အတည်ပြုလူနာများအနက် (၃၉) ဦးသည် မြဝတီ နယ်စပ်ဝင်ပေါက်မှ လည်းကောင်း၊ (၁၁) ဦးသည် ရခိုင်ပြည်နယ်ရှိ နယ်စပ်ဝင်ပေါက်များမှလည်းကောင်း ဝင်ရောက်လာကြခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တရားမဝင် ဝင်ပေါက် များမှ ဝင်ရောက်လာပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား သတင်းပေးပို့မှုမရှိပါက ရောဂါကူးစက်ဖြစ်ပွားမှုများ အစုလိုက် အပြုံလိုက်ဖြစ်ကာ ဒုတိယလှိုင်း ဝင်ရောက်လာနိုင်ပါသည်။
• ယခုလက်ရှိတွင် ထိုသို့ပြည်ပမှ ပြန်လာသူများအားလုံးကို အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း များကို လူမှုရေးအဖွဲ့အစည်းများနှင့်စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
• သို့ဖြစ်ပါ၍ နယ်စပ်ဒေသဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအားလုံးကို သတ်မှတ်နေရာအဆောက်အဦများ၌ ထားရှိပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စနစ်တကျ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။
• သုတေသနတွေ့ရှိချက်များအရ အချို့နိုင်ငံများတွင် ဤဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇပြောင်းလဲလျက်ရှိနေသည်ကို လေ့လာတွေ့ရှိနေရပါသည်။ ဤဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝအပြုအမူ (virological behavior) မှာလည်း ပြောင်းလဲလျက်ရှိသည်ဆိုသည့်အချက်ကို သိရှိရသဖြင့် ဤအချက်ကို မိမိတို့ ဂရုစိုက်ရကြမည်ဖြစ်ပါသည်။
• ထိုကဲ့သို့ပြောင်းလဲခြင်းသည် ကောင်းသောဘက်သို့ ပြောင်းလဲခြင်း (ရောဂါကူးစက်ပျံ့နှံ့နိုင်စွမ်း လျော့လာခြင်း၊ ရောဂါပြင်းထန်မှု အားလျော့လာခြင်း) ဖြစ်နိုင်သကဲ့သို့ ဆိုးသောဘက် (ပိုမိုကူးစက်လွယ်ခြင်း၊ ရောဂါပြင်းထန်မှု ပိုလာခြင်း) သို့ ပြောင်းလဲခြင်းလည်း ဖြစ်နိုင်ပါသည်။
• ယခုအခါ၌ သံသယလူနာ / စောင့်ကြည့်လူနာသည် ဧပြီလက တစ်ရက်လျှင် (၁၀၀)ဦး ဝန်းကျင် ရှိရာမှ ယခုအခါ (၃၀) ဦး ဝန်းကျင်သာရှိခြင်းသည် ပြည်သူများ၏ ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက် ခြင်းကြောင့် ဖြစ်ပါသည်။
• မြန်မာနိုင်ငံ၌ ယခုအချိန်ထိ ဓါတ်ခွဲစစ်ဆေးမှုများအရ COVID-19 ပိုးတွေ့ရှိမှုနှုန်းမှာ ရောဂါရှိသူနှင့် ထိတွေ့မှု ရှိသူများတွင် (၃.၁) ရာခိုင်နှုန်း၊ သံသယ/ စောင့်ကြည့်လူနာများတွင် (၀.၈) ရာခိုင်နှုန်းနှင့် အသွားအလာကန့်သတ် ထားသူများတွင် (၀.၂)ရာခိုင်နှုန်းသာ တွေ့ရှိရပြီး ၎င်းတွေ့ရှိချက် ရာခိုင်နှုန်းသည်လည်း ပြောင်းလဲမှုမရှိသလောက် ဖြစ်သဖြင့် အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ကောင်းသောသဘောကို ဆောင်နေပါသည်။
• COVID-19 လူနာများကိုကုသမှုပေးရာ၌ ရောဂါသက်သာပျောက်ကင်းသူများ၏ သွေးရည်ကြည် ကို အသုံးပြုပြီး သုတေသနပုံစံဖြင့် စမ်းသပ်ကုသခဲ့ရာ ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ကုသရေးစီမံခန့်ခွဲမှုလုပ်ငန်း လမ်းညွှန် (Clinical Management Guideline) များကို အခြားနိုင်ငံများ၊ ရောဂါအခြေအနေပြောင်းလဲမှုပေါ် မူတည်၍ လိုအပ်သလို အမြဲပုံမှန်သုံးသပ်ပြင်ဆင်သွားမည် ဖြစ်ပါသည်။
• ယခုအခါ အသွားအလာကန့်သတ်ထားရှိသူနှင့် အသွားအလာကန့်သတ်ထားရှိရာနေရာ အဆောက်အဦအရေအတွက် များ တစ်နေ့တစ်ခြား ကျဆင်းလာလျက်ရှိသည်မှာလည်း ကောင်းမွန်သောလက္ခဏာတစ်ရပ် ဖြစ်ပါသည်။
• ယခုအချိန်ကာလသည် ရာသီတုပ်ကွေးကာလဖြစ်သော်လည်း (၂၉-၁၂-၂၀၁၉) မှစတင်၍ (၂၇-၇-၂၀၂၀)အထိ ဆေးရုံအခြေပြု တုပ်ကွေးဆန်သော ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း (sentinel surveill- ance) အနေဖြင့်ဆောင်ရွက်စဉ် တုပ်ကွေးဆန်သော လက္ခဏာရှိသူ (၇၈၁) ဦးအား ဓာတ်ခွဲစစ်ဆေးချက်များအရInfluenza B (၂) ဦး၊ Influenza A/H1N1 pdm 09 (၈) ဦး၊ Influenza H3N2 (၅) ဦး၊ စုစုပေါင်း တုပ်ကွေးရောဂါပိုး ရှိသူ (၁၅) ဦးသာ တွေ့ရှိရသဖြင့်လည်း တုပ်ကွေးရောဂါကပ်အသွင် ဖြစ်ပွားနိုင်သည့်အခြေအနေ မတွေ့ရှိရသေး သောကြောင့် ကောင်းသည့်အခြေအနေ ဖြစ်ပါသည်။
• သို့သော်လည်း ရောဂါဖြစ်ပွားမှုများပြား၊ သေဆုံးမှုများပြားနေသော တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီးများအပါအဝင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများ၌ ရောဂါဖြစ်ပွားနှင့် သေဆုံးမှုအခြေအနေများကို လေ့လာသုံးသပ်၍ မိမိတို့ အနေဖြင့် ဤကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို လုံးဝ (လုံးဝ) အားလျှော့၍ မရပါ။
• ထို့ကြောင့် မိမိတို့သည် လူများပြားစွာတွေ့ဆုံခြင်းနှင့် တွေ့ဆုံချိန်ကြာမြင့်သည့် ကျောင်း၊ ဈေး၊ ဌာန၊ စက်ရုံ အလုပ်ရုံများ၌ နေထိုင်စဉ်၌ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ခြင်း၊ တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်းနှင့် လက်ဆေး ခြင်းတို့ကို မဖြစ်မနေပြုလုပ်ရဦးမည် ဖြစ်ပါသည်။
• ယခုအခါ စက်ရုံ/အလုပ်ရုံများတွင် သတ်မှတ်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများ အသုံးပြုနေခြင်း ရှိ/မရှိ၊ ချမှတ်ထားသော စည်းကမ်းများလိုက်နာခြင်း ရှိ/မရှိကို ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း (Regular Monitoring) ကို Checklist များ အသုံးပြုဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၌ (၂၁-၇-၂၀၂၀) ရက်နေ့မှ (၂၅-၇- ၂၀၂၀) ရက်နေ့ထိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လိုက်နာမှု အလွန်အားနည်းနေကြောင်း တွေ့ရှိရသည့် အတွက် သက်ဆိုင်ရာဒေသ အာဏာပိုင်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့နှင့် အထူးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
• ပြည်သူများအနေဖြင့် ယခုအခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် ခပ်ခွာခွာနေထိုင်ခြင်းများကို လုပ်ဆောင်မှု အားနည်းနေသည်ကို တွေ့ရှိရသဖြင့် ရောဂါဒုတိယလှိုင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပါသည်။
• ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာမှ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို တစ်နေ့ လျှင် (၅) ကြိမ် ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုလျော့ရဲလာသည်ကိုလည်း တွေ့မြင်နေရသဖြင့် အဆိုပါ လုပ်ငန်းများကို ပြန်လည်အသက်သွင်း လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဦးဆောင်၍ အထူးသဖြင့် ဈေးကြီးများ၊ စူပါမားကတ်များ၊ စက်ရုံ/ အလုပ်ရုံများ လူဦးရေ ထူထပ်သည့်နေရာများ၌ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို အနည်းဆုံး တစ်နေ့ (၃) ကြိမ် မပျက်မကွက် ပြုလုပ်ရန် လိုပါမည်။
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကဏ္ဍစုံမှ တာဝန်ရှိသူများ၊ ပြည်သူများနှင့် Video conferencing စနစ်ဖြင့် ဆွေးနွေးပြောကြားခြင်း သည် ပြည်သူများထံ တိုက်ရိုက်သတင်းစကားနှင့် ကျန်းမာရေးအသိပညာ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ ရောက်ရှိစေခဲ့ပြီး ဤရောဂါထိန်းချုပ်ရာ၌ အလွန်ပင် အရေးပါသည့်အချက်ဖြစ်ပါသည်။
• မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ Video conferencing တွင် ပြောကြားမှာကြားချက် များနှင့် ပြည်သူများ၏ အကြံပြုချက်၊ ပြောကြားချက်များကို သေချာစွာ မှတ်ယူသုံးသပ်ပြီး COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။
• ကမ္ဘာတွင် COVID-19 ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုများ အရှိန်မြင့်တက်လျက်ရှိသည်ကိုဆိုသောအချက်ကို နောက်ခံထား၍ မြန်မာနိုင်ငံပြည်သူများ လုံးဝမပေါ့ဆရန်မှာ နိုင်ငံ၏ အရေးကိစ္စသဖွယ် ဖြစ်နေပါသည်။
• ထို့ကြောင့် ပြည်သူများသည် လူများသည့်နေရာများသို့ သွားရောက်သည့်အခါ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင် ခြင်း၊ တတ်နိုင်သမျှ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာနေထိုင်ခြင်း၊ ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ စက္ကန့် (၂၀) ကြာ မကြာခဏလက်ဆေးခြင်းနှင့် မိမိနေအိမ်အနီးပတ်ဝန်းကျင်တွင် COVID-19 သံသယလက္ခဏာရှိသူများ တွေ့ရှိ ပါက၊ ပြည်ပမှ တရားမဝင်ပြန်လည်ဝင်ရောက်လာသူဟု ထင်မှတ်ပါက သက်ဆိုင်ရာသို့ မဖြစ်မနေအသိပေးခြင်း ကို ပြုလုပ်ရန် လိုအပ်ပါသည်။
• မြန်မာနိုင်ငံ ပြည်သူများ ရောဂါမရရှိစေရေးနှင့် သေဆုံးမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဝန်ထမ်းများသည် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြည်သူများအား အသိပေးလိုပါသည်။
• ပြည်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ နေ့စဉ်ပုံမှန်ဆောင်ရွက်နေရသော လုပ်ငန်းများကို ပုံမှန်အနေ အထားသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ကာ ဝိုင်းဝန်းပံ့ပိုးပေးရန် အထူးလိုအပ်ပါသည်။
• ယခုအချိန်၌ COVID-19 ဒုတိယလှိုင်းအသွင် မဖြစ်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဆောင်ရန် ရှောင်ရန်များကို အထူးကိစ္စရပ် အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးသဖွယ် သဘောထား၍ လိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန