ရန်ကုန်၊   ၁၀  ဒီဇင်ဘာ

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေမှုကာလအတွင်း ​အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပြန်ကောင်းလာ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦး၏ ပြောပြချက်အရ ဒီဇင်ဘာ  ၁၀  ရက်က သိရသည်။

အရောင်းအဝယ်ကတော့ စျေးကွက်ကြီးတစ်ခုလုံးအနေနဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ကြီး ဖြစ်တဲ့ ရန်ကုန်ကို စံထားပြီးပြောရရင် ရန်ကုန်ကလည်း စီးပွားရေးယန္တရားတွေ ၇၀ ရာခိုင်နှုန်းက ရန်ကုန်မှာရှိတာဆိုတော့ စီးပွားရေးမြို့တော်ဖြစ်တော့ စံထားပြီး ပြောရတာပေါ့။ ရန်ကုန်မှာက အရောင်းအဝယ်တွေ ပြန်ဖြစ်လာတယ်။ နောက်ပြီးတော့ အောက်စျေးနဲ့ ထုတ်တဲ့ တန်ဖိုးကြီး မြေကွက် တွေ အရောင်းအဝယ် ဖြစ်တယ်။ ကွန်ဒိုလည်း အရောင်းအဝယ် ဖြစ်တယ်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

အဆိုပါ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်သည့်နေရာများမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် ရွှေပေါက္ကံတို့ဖြစ်သည်။ သို့သော် အိမ်ခြံမြေ စျေးကွက်အတွင်း လုံးချင်း နှင့် တန်ဖိုးကြီးမြေကွက်များ အရောင်းအဝယ်ဖြစ်သော်လည်း စျေးနှုန်းကျဆင်းကြောင်း၊ အိမ်ခြံမြေ အငှားစျေးကွက်မှာလည်း အငှားစျေးကျသည့်အပြင် အငှားအေးနေကြောင်း  ၎င်းက ဆက်​ပြောသည်။

အငှားစျေးကွက်ကတော့ အခုအချိန်ထိ အေးတယ်။ အငှားစျေးလည်း ကျတယ်။ ကွန်ဒိုကနေ တိုက်ခန်းများအပါအဝင် လုံးချင်းအထိပေါ့၊ လုံးချင်းတွေကျတော့ အငှားကျတာက တော်တော် များများ နိုင်ငံခြားသားတွေ ပြန်ကုန်ကျတယ်။ နောက်လုပ်ငန်း ဂိုဒေါင်တို့ Show Room နေရာတွေ စျေးကျတယ်။ နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်း ပြန်ကြတယ်။ ဒီမှာ မရှိမဖြစ်လောက်ပဲ နေခဲ့ကြတာတော့တာ။ အဲဒီတော့ စျေးလည်းကျတယ်။ အငှားလည်းကျတယ်၊ အငှားစျေးကွက်ကတော့ အခုအချိန်ထိ အေးပါတယ်ဟု
ဦးသန်းဦးက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ  ဖြစ်ပွားသည့်  ဧပြီ၊ မေလလယ်တို့တွင် အိမ်ခြံမြေ အရောင်းအဝယ်နှင့် အငှား စျေးကွက်မှာ ၉၅ ရာခိုင်နှုန်းခန့် ရပ်တန့်သွားခဲ့ကြောင်း၊ ထို့အပြင် ဇွန်၊ ဇူလိုင်တွင်မူ ငွေဖော်လိုသူ ရောင်းသူနှင့် ကိုဗစ်စျေးဟုဆိုကာ မတန်တဆ အောက်စျေးဖြင့် ဝယ်ယူသူများကြောင့် ကျပ်သိန်း ၅၀ မှစ၍ သိန်း သောင်းဂဏန်းအထိ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းတို့တွင် အရောင်းအဝယ် ပြန်ဖြစ်လာကြောင်း၊ သြဂုတ်လတွင်လည်း အရောင်းအဝယ် ပြန်အေးပြီး အောက်တိုဘာ၊ နိုဝင်ဘာတွင် အရောင်းအဝယ်အချို့ ပြန်ကောင်းလာကြောင်း သိရသည်။

ငြိမ်းငြိမ်း