COVID-19  လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို  သက်သာစေမယ့် အိမ်တွင်းကုထုံးများ

၁၃  အောက်တိုဘာ

လည်ချောင်းနာတယ်ဆိုတာက ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်း နာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာ ခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။

 

COVID-19 ဆိုတာက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးမို့ လည်ချောင်းနာဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄ ရာခိုင်နှုန်းလောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။

 

သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာ တွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့ မရဘူးဆိုတာပါပဲ။

 

အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုး ခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့ တင်ကုစားလို့ ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံး တွေကို ပြောပြပေးချင်ပါတယ်။

 

လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်း ကုထုံးများ

လည်ချောင်းနာတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတစ်ချို့ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

          ဆားရေနဲ့ ပလုပ်ကျင်းပါ၊

          Apple cider vinegar ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါမှုန့်ကို ရေဖော်ပြီးလည်း ပလုပ်ကျင်းနိုင်ပါတယ်၊

          အေးမြတဲ့ရေကို များများသောက်ပေးပါ၊

          ရေခဲတုံး ငုံပေးပါ၊

          ခြောက်သွေ့တဲ့လေကို ရှောင်ပါ၊ စိုထိုင်းစရှိတဲ့နေရာမျိုးမှာနေပါ၊

          အက်စစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ၊

          ငုံဆေးပြား ငုံပါ၊

          လက်ဖက်ရည်ကြမ်းကို အနည်းငယ်စီ သောက်ပေးပါ၊

          ပျားရည် ငုံပါ၊ မျိုချပါ၊

          အကိုက်အခဲပျောက်ဆေး သောက်ပါ၊

          နှာရှူဆေးသုံးကြည့်ပါ၊

          နာကျင်မှုသက်သာအောင် စကားပြောတာကို လျှော့ပါ၊

          ဘက်တီးရီးယားတွေ လျော့နည်းစေဖို့ သွားကြားက အညစ်အကြေးတွေကို ရှင်းလင်းပါ၊

          ဓာတ်မတည့်မှုဝေဒနာတစ်မျိုးမျိုးရှိနေရင် သက်သာစေမယ့် ဆေးဝါးမှီဝဲပါ၊

          ခွန်အားပြည့်ပြီး ကိုယ်ခံအားမြင့်တက်လာအောင် အနားယူပါ၊

          ရေနွေးငွေ့ပါဝင်တဲ့ရေနဲ့ ရေချိုးပါ၊

          အိပ်စက်ရာမှာ ခေါင်းကို မြင့်မြင့်ထားပြီး အိပ်ပါ။

အထက်ပါ နည်းလမ်းတွေက လည်ချောင်းနာခြင်းဝေဒနာကို လျော့ပါးစေမယ့် အိမ်တွင်း ကုထုံးတွေ ဖြစ်ပါတယ်။

 

အကယ်၍ COVID-19 လို့ သံသယရှိနေတယ်ဆိုရင်

လည်ချောင်းနာတိုင်း COVID-19 မဟုတ်ပါဘူး။ တကယ်လို့ COVID-19 ကြောင့် လည်ချောင်းနာတာ ဆိုရင်လည်း အထက်ပါအိမ်တွင်း ကုထုံးတွေက လည်ချောင်းနာတာကိုသာ သက်သာစေမှာပါ။ ရောဂါကိုတော့ တိုက်ထုတ်နိုင်မှာမဟုတ်ပါဘူး။

 

လည်ချောင်းနာတဲ့ဝေဒနာကို ဖျားနာကိုက်ခဲမှုတွေ၊ ရာသီတုပ်ကွေးလိုရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ COVID-19 ကြောင့်လား တခြားဝေဒနာတ ွေကြောင့်လားဆိုတာကို သိချင်ရင် အကြမ်းဖျဉ်းအားဖြင့် အောက်ပါအခြေအနေတွေကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါတယ်။

COVID-19 : လည်ချောင်းနာခြင်းနဲ့အတူ ဖျားမယ်၊ ကိုယ်ပူမယ်၊ ချောင်းဆိုးမယ်၊ ပင်ပန်းနွမ်းနယ် မယ်။ တခြားလက္ခဏာတွေလည်း ပြသနိုင်ပါတယ်။ သေချာတာကတော့ ပိုးရှိမရှိ စစ်ဆေးကြည့်မှ တိကျတဲ့ အဖြေထွက်နိုင်တယ်ဆိုတာပါပဲ။

 

ပုံမှန်အဖျားဝေဒနာ : နှာခေါင်းတွေနီရဲနေအောင် နှာစေးမယ်၊ လည်ချောင်းလည်းနာမယ်။ ဖျားနိုင်ပေမယ့် ပြင်းထန်လေ့မရှိဘူး။

 

တုပ်ကွေး : တုပ်ကွေးလက္ခဏာအများအပြားဟာ COVID-19 နဲ့ ဆင်တူတတ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာခြင်းအပြင် ချမ်းတုန်ဖျားတာ၊ ခေါင်းကိုက်တာ၊ နှာချေတာ၊ ကိုလက်ကိုက်ခဲတာနဲ့ နာကျင်တာတွေဖြစ်တယ်ဆိုရင်တော့ တုပ်ကွေးဖြစ်နိုင်ခြေပိုများပါတယ်။

 

တကယ်လို့ ကိုယ့်ရဲ့လည်ချောင်းနာဝေဒနာအပေါ် စိတ်မချလို့ သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ Fever Clinic တွေဆီကို သွားရောက်ပြီး စမ်းသပ်စစ်ဆေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်