မန္တလေး ၁၂ မတ်

 

COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ (Surveillance and Respond Team-SRT) /၂၀၂၀ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ WHO မှ ကြေညာသည့် အတိမ်အနက်ကိုကြည့်၍ မန္တလေးတိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါဖြစ်ပွားလာခဲ့ပါက ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကို ခေါ်ယူ၍ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ အကယ်၍ COVID-19 ရောဂါသည် မိမိတို့နိုင်ငံသို့ ရောက်ရှိလာပါက ထိန်းချုပ်ရန်အတွက် သီးသန့်ဆေးရုံများ လိုအပ်လာမှာဖြစ်ကြောင်း၊ လက်ရှိတွင် ကန်တော်နဒီဆေးရုံအပြင် ကမ်းနားလမ်းရှိ ယခင်က ကူးစက်ရောဂါကုသရေးဆေးရုံအဖြစ် ထားရှိသည့်ဆေးရုံနှင့် ဟိုတယ်အဖြစ် မဆောင်ရွက်ဘဲထားရှိသည့် ၆၂ လမ်းပေါ်ရှိ နဒီမြန်မာဟိုတယ်များကိုလည်း လိုအပ်လာပါက သီးသန့်ဆေးရုံအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ပြင်ဆင်နေကြောင်း၊ ယခုကာလအတွင်း၌ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရန် လူတစ်ဦးချင်းစီကလည်း ပွဲလမ်းသဘင်များနှင့် လူစုလူဝေးနေရာများသို့ အတတ်နိုင်ဆုံး ရှောင်ရှားစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပွဲလမ်းသဘင်များနှင့် ပတ်သက်၍ မဖြစ်မနေ ကျင်းပရန်ရှိပါကလည်း အချိန်နှင့် လူဦးရေလျော့ချရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ခေတ္တဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ အထူးအလေးနက်ထား စဉ်းစားရမှာဖြစ်ကြောင်း၊ သင်္ကြန်ပွဲတော် ကျင်းပရန် တစ်လခန့်သာ လိုတော့သည့်ကာလအတွင်း၌ နိုင်ငံသူနိုင်ငံသားအားလုံးမှ COVID-19 ရောဂါ ကာကွယ်ထိန်းသိမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသူများရှိခဲ့ပါက အိမ်တွင်း၌ ၁၄ ရက်ကြာ နေထိုင်ကြရန်နှင့် ထူးခြားသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပေါ်ခဲ့ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန် ခရိုင်မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ယခု တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလတွင် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းအားလုံးကို ရောဂါလက္ခဏာနှင့် ပတ်သက်သော ထောက်လှမ်းသည့် လုပ်ငန်းများကို လုပ်ကိုင်ပေးရန်နှင့် ထူးခြားသည့် ကျန်းမာရေး အခြေအနေများရှိခဲ့ပါက လိုအပ်သည့် ဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်၍ COVID-19 ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ (Surveillance and Respond Team-SRT) ဥက္ကဋ္ဌ ဒေါက်တာရဲလွင်က SRT လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြီးနောက် SRT အတွင်းရေးမှူး ဒေါက်တာသန်းသန်းမြင့်က COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်တားဆီးမှုလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်မည့်အစီအမံများနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က COVID-19 စောင့်ကြည့် စစ်ဆေးကုသရေး လုပ်ငန်းဆိုင်ရာ လိုအပ်မည့်အစီအမံများအပေါ် ပေါင်းစပ်ညှိ နှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)