(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့
COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားသည် လွန်ခဲ့သော (၆) လခန့်မှစ၍ လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ပြီး (၂၄-၆-၂၀၂၀) ရက်နေ့တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဂိတ်သို့ အခြားသူ (၁၈၆) ဦး နှင့်အတူ ပြန်လည်လက်ခံရေး အစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပါသည်။
၎င်းသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ (၂၅-၆-၂၀၂၀) ည (၇:၃၀) နာရီ အချိန်တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ယင်းနေ့ည (၁၀:၃၀)နာရီ အချိန်တွင် ထွက်ခွာခဲ့ပါ သည်။
အဆိုပါ မော်တော်ယာဉ်သည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ပါသည်။ လူနာအမှတ် (C-311) သည် ရန်ကုန်မြို့အနီး အမြန်လမ်းမှတစ်ဆင့် သုံးဘီးဆိုင်ကယ်ဖြင့် တိုက်ကြီးမြို့နယ်၊ အင်းလန်ဂိတ်သို့ သွားရောက်ခဲ့ပြီး ဝင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ချက်ချင်း အကြောင်းကြားခဲ့ပါသည်။ ၎င်းသည် အဆိုပါနေ့တွင်ပင် ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသောကားဖြင့် ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်ဝင်းအတွင်းရှိ ဧကရီဆောင်သို့ သွားရောက်ခဲ့ပြီး ည (၈:၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိကာ Quarantine ဝင်ရောက်ခဲ့ပါသည်။
ထိုသူ (C-311) ထံမှ ဓာတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၄-၇-၂၀၂၀) ရက်နေ့ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးဝါး ကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယနေ့နံနက် စစ်ဆေးချက်များအရ လူနာ၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်ပါသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ လူနာနှင့် ကားတစ်စီးတည်း အနီးကပ် ထိတွေ့ခဲ့သည့် (၁၇) ဦးအား ဓာတ်ခွဲနမူနာရယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိသူ (၅) ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၁၂) ဦး ရှိပါသည်။ ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၂) ဦးအားလည်း သီးခြားထားရှိ၍ ဓာတ်ခွဲနမူနာ ရယူကာ (၅-၇-၂၀၂၀) ရက်နေ့ တွင် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီးဖြစ်ပါသည်။
ထိုသို့လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများကို သက်ဆိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ကျန်းမာရေးပညာပေး လုပ်ငန်းများအား လက်ကိုင် အသံချဲ့စက်များဖြင့် ကျန်းမာရေး ပညာပေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် Quarantine ဝင်ရောက်ရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Credit> ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန