၂၀ မတ်

 

ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တစ်ယောက် ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။

 

“ သင်နဲ့သင့်မိသားစုအတွက် ကျွန်တော်တို့အလုပ်လုပ်နေတယ်။ ကျွန်တော်တို့အတွက် သင်တို့အိမ်မှာ နေပေးပါတဲ့။”

 

Covid-19 ဟာ ပြန့်ပွားနှုန်းမြန် ဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးများတဲ့ နေရာတွေကနေ လူအများကြီးကို ကူးစက်ပြန့်ပွားနေပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ စစချင်းမှာ Covid-19 ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူးစက်ခံနေရတဲ့ လူတစ်ယောက်ဟာ လူထောင်သောင်းချီတက်ရောက်လေ့ရှိတဲ့ ဘာသာရေးပွဲတော် တစ်ခုကို သွားလိုက်တဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ကူးစက်ခံရသူတွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်။ ယခုချိန်မှာတော့ အခြအနေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်။

 

အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံး နိုင်ငံဖြစ်တယ်လို့ပြောလို့ရတယ်။ Covid-19 ပြန့်ပွားနေချိန်မှာ ပွဲလမ်းသဘင်တွေကို ထိန်းချုပ်ဖို့ အားလျော့ခဲ့တယ်။ ယခုချိန်မှာ နေ့စဉ်ရာချီတဲ့ ကူးစက်ခံရတဲ့သူ၊ သေဆုံးသူတွေရှိနေတယ်။

 

Covid-19 ရဲ့ အစဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ အခြေအနေတည်ငြိမ်သွားသလောက်ဖြစ်ပြီး ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ ဒီကူးစက်ရောဂါအတွက် သီးသန့်ဆောက်လုပ်ခဲ့တဲ့ ဆေးရုံတွေမှာပါ လူနာတွေ မရှိသလာက်နည်းသွားပါပြီ။ စီးပွားရေးတွေလည်း ပြန်လည် လည်ပတ်နေပါပြီ။ လွန်ခဲ့တဲ့ တစ်လကတင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်း အရမ်းများပြားခဲ့ပြီး လူဦးရေလည်း ထူထပ်တဲ့ တရုတ်နိုင်ငံရဲ့ Covid-19 အခြေအနေကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ သီးခြားနေထိုင်ခြင်း (social distancing) ပါပဲ။

 

Social distancing (သီးခြားနေထိုင်ခြင်း)

 

Social (ဆိုရှယ်) ဆိုတာက လူမှုရေးပါ။ distance ဆိုတာကတော့ အကွာအဝေးပေါ့။ လူမှုရေး၊ သာရေး၊ နာရေးတွေနဲ့ အကွာအဝေးတစ်ခုခြားပြီးနေခြင်းလို့ အဓိပ္ပါယ်ရတယ်။ အစားအသောက်၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေအတွက်ကလွဲရင် ကျန်တဲ့ချိန်တွေမှာ အပြင်မထွက်ဘဲ အိမ်မှာနေတာကို ခေါ်ပါတယ်။

 

အားကစားပွဲတွေ၊ ဘားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ပိတ်လိုက်တာကို ဘယ်သူကမှတော့ ကြိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေကို ပိတ်လိုက်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ရှောင်လိုက်ခြင်းဟာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် အတွက်လည်းပါတယ်။ ဒီကူးစက်ရောဂါကို ရှေ့တန်းကနေ တိုက်ပွဲဝင်နေရတဲ့ ဆေးရုံက ဆရာဝန်၊ သူနာပြုတွေလည်း အရေးကြီးတဲ့ လူနာတွေကို ဦးစားပေးကုသပေးနိုင်မှာဖြစ်တဲ့အတွက် သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ဖက်တစ်လမ်းကနေ လျော့နည်းအောင် လုပ်ပေးတာမျိုးဖြစ်တယ်။

 

သီးခြားနေထိုင်ခြင်းကို ဘယ်လိုလုပ်ကြမလဲ။

 

လူတစ်ယောက်နဲ့ တစ်ယောက်ကြား အနည်းဆုံး ၃ ပေခြားနေမယ်။

 

အိမ်ကနေအလုပ်လုပ်မယ်။

 

အွန်လိုင်းကနေအတန်းတက်မယ်။

 

 သူငယ်ချင်းတွေနဲ့ အပြင်မှာမတွေ့ဘဲ အွန်လိုင်းမှာဘဲ ဗီဒီယိုနဲ့ ဖုန်းခေါ်မယ်။

 

 သိပ်အရေးမကြီးတဲ့ အစည်းအဝေးတွေ၊ ကွန်ဖရင့်တွေမလုပ်ဘူး။ ဒါမှမဟုတ် အွန်လိုင်းကွန်ဖရင့်တွေ လုပ်မယ်။

 

Self-quarantine (ကိုယ့်ကိုယ်တိုင်ထိန်းချုပ်စောင့်ကြည့်ခြင်း)

 

အပေါ်က Social distancing (သီးခြားနေထိုင်ခြင်း) ဟာ ပုံမှန် ကူးစက်ရောဂါမရှိတဲ့သူက ကိုယ့်ကိုယ်ကို မကူးစက်အောင် ကာကွယ်ခြင်းပါ။

 

Self-quarantine ကိုတော့ ရောဂါရှိနိုင်ချေမြင့်မားတဲ့သူ လုပ်ဆောင်ရမှာပါ။

 

 ရောဂါရှိတဲ့သူနဲ့ တွေ့ထိပြီးတဲ့သူ

 

 ရောဂါပြန့်ပွားနှုန်းမြင့်တဲ့နေရာကိုသွားခဲ့ဖူးသူ၊

 

 ရောဂါပိုး ရှိနေပေမဲ့ ကျန်းမာသူ

 

 မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေသာ ခံစားနေရသူတွေဟာ သူတစ်ပါးကို မကူးစက်အောင် self-quarratine လုပ်ဖို့ လိုအပ်ပါတယ်။Self-quarantine ဘယ်လိုလုပ်မလဲ။

 

အပေါ်မှာ ပြောခဲ့သလို Social distancing လုပ်တာအပြင်လက်ကို မကြာခဏ စနစ်တကျဆေးရပါမယ်။

 

 ကိုယ်ပိုင် ပန်းကန်ခွက်ယောက်၊ မျက်နှာသုတ်ပဝါထားပါ။

 

 အိမ်ကို ဧည့်သည်မလာပါစေနဲ့။

 

 အိမ်ကလူတွေနဲ့ အနည်းဆုံး ၆ ပေအကွာမှာနေပါ။

 

အိမ်သားတွေ ထဲမှာ အသက် ၅၀ ကျော်တဲ့သူရှိရင်တော့ အိမ်ခွဲနေနိုင်ရင် အကောင်းဆုံးပါပဲ။

 

Isolation (သီးခြားစောင့်ကြပ်ကြည့်ရှုခြင်း)

 

Covid-19 ကူးစက်ရောဂါ ရှိပြီလို့ သေချာထားတဲ့သူတွေကိုတော့ Isolation လုပ်ရပါတယ်။ ဆေးရုံရဲ့ သီးသန့်ခန်းမှာ ထားရပါတယ်။ ကူးစက်ခံရသူကို စောင့်ကြပ်ကြည့်ရှုသူ မှန်သမျှကလည်း အကာအကွယ် ဝတ်စုံပြည့် (Personal Protective Equipment) ကိုဝတ်ဆင်ထားရပါတယ်။

 

Covid-19 ဖြစ်နိုင်ချေနဲ့ Covid-19 ကြောင့် ဖြစ်လာမယ့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့

 

Covid-19 လို ပြန့်နှံ့နှုန်းမြန် ကူးစက်မြန်ရောဂါ နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်လာပြီဆိုရင် ကျန်းမာရေးတင် မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိပါတယ်။

 

ကူးစက်ရောဂါတစ်ခုကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးက ကူးစက်ခံရသူဟာ တခြားသူတွေစီကို တတ်နိုင်သလောက် မကူးစက်အောင် နေထိုင်ရပါမယ်။ ဒီလိုလုပ်ဖို့ကလည်း ရောဂါလက္ခဏာတွေကို နားလည်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဖို့လိုပါတယ်။

 

လက်ကောင်းကောင်းဆေးမယ်၊ Social distancing လုပ်မယ်၊ လိုအပ်ရင်လိုအပ်သလို self-quarantine တွေ isolation တွေလုပ်မယ်ဆိုရင် ခုထိကူးစက်ခံရသူမရှိသေးတဲ့ မြန်မာနိုင်ငံမှာ ရောဂါဝင်ရောက် လာခဲ့ရင်တောင် ဆုံးရှုံးမှုတွေနည်းပါလိမ့်မယ်။

 

Pandemic ကပ်ရောဂါတွေဟာ ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းစီကနေ ဂရုတစိုက် စည်းကမ်းရှိရှိ နေကြမယ်ဆိုရင် ဆေးရုံတွေမှာလည်း လူနာများပြားတဲ့ဒဏ်ကို အလူးအလဲ မခံစားရဘူး၊ ကူးစက်နှုန်းတွေ၊ သေဆုံးမှုနှုန်းတွေကိုကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တယ်။

 

ရေးသားသူ Dr. Yee Mon Lwin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”