၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
(က) ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်တွင် နေထိုင်သော အသက်(၂၇)နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံမှ (၉-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ရှားတောမြို့ နယ်စပ်ဝင်ထွက်ဂိတ်တွင် အဖျားစစ်ဆေးချိန်တွင် ကိုယ်အပူချိန်မြင့်တက် လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူနာအားစစ်ဆေးခဲ့ရာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရ ကြောင်းသိရှိရပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲ နမူနာ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
(ခ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် နေထိုင်သော အသက်(၃၄)နှစ်အရွယ် အမျိုးသား တစ်ဦးသည် (၁၀-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ဗိုက်အောင့် ခြင်းဝေဒနာများ စတင်ခံစားခဲ့ရသဖြင့် (၁၀-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ၎င်း၌ လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။
(ဂ) ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် နေထိုင်သော၊ အသက် (၂၆) နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် (၇-၃-၂၀၂၀) ရက်နေ့မှစတင်၍ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူခက်ခဲခြင်း ဝေဒနာများ ခံစားခဲ့ရသဖြင့် (၈-၃-၂၀၂၀) ရက်နေ့တွင် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူ လျက်ရှိပါသည်။ ၎င်းမှာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက် ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်းထန်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(ဃ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သော အသက် (၁၇) နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် (၁-၃-၂၀၂၀) ရက်နေ့မှစတင်၍ အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၇-၃-၂၀၂၀) ရက်နေ့တွင် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူလျက်ရှိပါသည်။ ၎င်းမှာ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက် ဖြစ်ပွားလျက် ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ရင်ဘတ်ဓာတ်မှန်တွင် ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် (၁၀-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၃။ (၁၀-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော -
(က) မကွေးအထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သည့် အသက် (၁) နှစ်၊ (၂) လအရွယ် ကလေး (ကျား) တစ်ဦး၊
(ခ) ကန်တော်နဒီဆေးရုံတွင်စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေသော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အသက် (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့်
(ဂ) ဝေဘာဂီ အထူးကုဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် နေထိုင်သည့် အသက် (၃၄) နှစ်အရွယ် ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၄။ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၈-၃-၂၀၂၀) ရက်နေ့နှင့် (၉-၃-၂၀၂၀) ရက်နေ့များတွင် ရောက်ရှိလာပြီး ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသဖြင့် (၁၄)ရက်တာကာလ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည့် မြန်မာနိုင်ငံသား (၁၅) ဦး၏ ဓာတ်ခွဲနမူနာများအား ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ၎င်းတို့အားလုံး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း စစ်ဆေးသိရှိရပါသည်။
၅။ ယနေ့ (၁၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ လူနာ (၇) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။
၆။ (၁၀-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေး သော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၀၅) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
၇။ COVID-19 ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများ၊ ရောဂါကူးစက်ပြန့်ပွားမှုများပြားရာ နေရာဒေသမှ ပြည်တွင်းသို့ရောက်ရှိခဲ့သူများနှင့် သံသယရောဂါလက္ခဏာဖြစ်ပွားလာသူများ အနေဖြင့် အနီးဆုံးကျန်းမာရေး ဌာနသို့ မဖြစ်မနေသတင်းပေးပို့ကြပါရန်၊ သံသယရောဂါလက္ခဏာ ဖြစ်ပွားသူများကို တွေ့ရှိပါက ပြည်သူများ အနေဖြင့်လည်း အနီးဆုံးကျန်းမာရေးဌာနထံသို့ သတင်းပေးပို့ပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။
(ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)