(၁၄-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအထိ စောင့်ကြည့်လူနာ (၇) ဦး ရှိခဲ့ပြီး ၎င်းတို့အနက် လူနာ (၄) ဦး၏ ဓာတ်ခွဲ နမူနာကို (၁၄-၃-၂၀၂၀) ရက်နေ့တွင် ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ပြီး ၎င်းတို့၏အဖြေများမှာ ပူးတွဲပါ ဇယား (၂) တွင် ဖော်ပြထားမည်ဖြစ်ကြောင်းနှင့် ကျန်လူနာ (၃) ဦးအပြင် ဓာတ်ခွဲနမူနာ ပေးပို့ရန်စီစဉ်ဆဲဖြစ်သော လူနာ (၁) ဦး၊ စုစုပေါင်း လူနာ (၄) ဦးတို့၏ ဓာတ်ခွဲနမူနာအား ဆက်လက်၍ ပေးပို့စစ်ဆေးရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။ (ဇယား -၁)

 

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးချက်များအရ (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီမှ ညနေ (၆:၀၀) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)

 

၄။ (၁၄-၃-၂၀၂၀) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် (၄၀) နှစ်နှင့် အသက် (၃၄) နှစ်အရွယ် သီလရှင် (၂) ပါးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့်အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့မှုမရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့တွင် နေထိုင်ခဲ့သည့် ရာဇဝင် ရှိသဖြင့် ၎င်းတို့အား တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး (၁၄) ရက် ခွဲခြားထားရှိ၍ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

 

၅။ (၁၄-၃-၂၀၂၀) ရက်နေ့အရ ဓာတ်ခွဲနမူနာပေးပို့ရန် စီစဉ်ဆဲဖြစ်သော စောင့်ကြည့်လူနာ (၄) ဦး၏ ဓာတ်ခွဲနမူနာများမှလွဲ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ရောက်ရှိပြီးဖြစ်သော ဓာတ်ခွဲနမူနာ အားလုံး၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၆။ ယနေ့ (၁၄-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာ (၄) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

၇။ (၁၄-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့ နိုင်ငံ (၁၂၃) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

Ref; Ministry of Health and Sports, Myanmar