(၂၀-၃-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၀-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၃) ဦး ရှိပါသည်။

 

mdn

 

၃။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် နေထိုင်သော အသက် (၄၁)နှစ် အရွယ် အမျိုးသမီး (၁) ဦးသည် (၅-၃-၂၀၂၀)ရက်နေ့မှစ၍ ချောင်းဆိုးခြင်း၊ မောပန်းခြင်းစသည့် ရောဂါ လက္ခဏာများ ခံစားခဲ့ရသဖြင့် မိုင်းနောင်တိုက်နယ် ပြည်သူ့ဆေးရုံတွင် (၁၉-၃-၂၀၂၀) ရက်နေ့၌ လာရောက်ပြသခဲ့ရာ လူနာမှာ လွန်ခဲ့သော (၂)ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်လျက်ရှိပြီး လိုအပ်သော ဆေးကုသမှုများပေးနေစဉ် (၂၀-၃-၂၀၂၀) ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။ သေဆုံးရသော အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် နာတာရှည်ရောဂါအခံဖြစ်သော ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်ပါသည်။

 

၄။ ယနေ့ (၂၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၂၉) ဦး အား သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပါသည်။

 

၅။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲစစ်ဆေးမှုအဖြေများကို သီးခြားထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

၆။ (၂၀-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၆၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

Ref;Ministry of Health and Sports, Myanmar