မန္တလေး ၆ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး သံသယရှိလူနာများ လက်ခံပြုစုစောင့်ရှောက် ပေးနိုင်ရေးအတွက် မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)တွင် ဧရာဝတီစင်တာ အဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်  ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုရာ အထက် မြန်မာပြည် ဧရာဝတီဘဏ်များ ဒါရိုက်တာ ဦးဇော်မျိုးဝေ၊ မြန်မာဘောလုံး အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွန့်၊ Max Construction မှ အင်ဂျင်နီယာ ဦးဝင်းမင်းတို့က အခန်းများဖွဲ့စည်းမှု၊ ကျန်းမာရေးသုံး ပစ္စည်းများ တပ်ဆင်မှု၊ အိပ်ယာအိပ်ခင်းများပြင်ဆင်မှု၊ လျှပ်စစ်မီးနှင့် ရေရရှိမှုများအား ရှင်းလင်းတင်ပြသည်။

 

မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ကို Quarantine Center အဖြစ် အသုံးပြုရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးဆောင်သည့် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးကူညီပေးပြီး သံသယရှိ  လူနာများအတွက် အစားအသောက် အစီအစဉ်များပါ လှူဒါန်းသွားမည်ဖြစ်ပြီး လူနာ ၁၀၀ ကျော် လက်ခံပြုစု စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။ မန္တလေးမြို့တွင် ပိုးတွေ့လူနာများအား ကန်တော်နဒီဆေးရုံ၊ ခုတင်(၃၀၀) သင်ကြားရေးဆေးရုံနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တို့တွက် လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။                           

မောင်ပြည်သူ(မန္တလေး)