သထုံ ၁၈ မတ်
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးတို့က အမှာစကားပြောကြားပြီး သထုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ကမ္ဘာ့နိုင်ငံအသီးသီး၌ COVID-19 ရောဂါ ကူးစက်ခံနေရမှု အခြေအနေများ၊ ဒေသတွင်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ ရောဂါနှင့်ပတ်သက်သည့် သတင်းအတု၊ သတင်းမှန်များကို ခွဲခြားသိရှိနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းအမှန်များ တင်ပြပေးနေမှု အခြေအနေ၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက COVID-19 ရောဂါ ကူးစက်ပျံ့ပွားပုံနှင့် သတိပြုရမည့် နေ့စဉ်နေထိုင်မှုစနစ်များ၊ ကာကွယ်ရေးနှင့် ပတ်သက်၍ သိသင့်သည်များတို့ကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသူတို့က သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


