မန္တလေး ၁၉ ဧပြီ

 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မန္တလေးတိုင်းတွင် ချမှတ်ထားသည့် ဒေသန္တရအမိန့်ကို ဧပြီ ၃၀ ရက်အထိ တိုးမြှင့်လိုက်ကြောင်း တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

 

ယင်းတားမြစ်မိန့်ကို မူလက ဧပြီ ၆ ရက်မှ ၂၁ ရက်အထိ ၁၅ ရက်ကြာ သတ်မှတ်ထားခြင်းဖြစ်ပြီး ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ စက်ရုံလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင် စသည်တို့ ယာယီပိတ်သိမ်းရန် တားမြစ်ထားခြင်းဖြစ်သည်။ လုပ်ငန်းများကို ယာယီပိတ်သိမ်းရန် ညွှန်ကြားမှု မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း တားမြစ်မိန့်တွင် ဖော်ပြထားသည်။

 

“အခုချိန်မှာ သေရေးရှင်ရေးကလွဲပြီး တစ်နေရာကနေ တစ်နေရာကို ရွှေ့တာဟာ ရောဂါကူးစက်မှုနှုန်းကို အားပေးသလိုဖြစ်တဲ့အတွက် ကျွန်တော်တို့တားမြစ်တယ်”ဟု ဦးဇာနည်အောင်က ပြောသည်။

 

အဆိုပါ တားမြစ်အမိန့်တွင် စားသောက်ကုန် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများနှင့် ဘဏ်များကို ဖွင့်လှစ်ထားရမည်ဖြစ်ပြီး မဖွင့်ပါက အရေးယူမည်ဟု ဖော်ပြထားသည်။

 

ဖြိုးအိ