ညောင်လေးပင် ၁၃ မတ်
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ညောင်လေးပင်မြို့ မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတို့တွင် ဖွင့်လှစ်သင်ကြားနေသော အားကစားသင်တန်းများကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရပ်နားလိုက်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
" ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမလုပ်ဖို့ သင်တန်းကလည်းလူစုလူဝေးဖြစ်တယ်လေ။ ခရိုင်က သင်တန်းတွေပိတ်ဖို့ ညွှန်ကြားတာနဲ့ ဒီနေ့ကစပြီး ရပ်အကန့်သတ်မရှိ ပိတ်လိုက်တာပါ။ "ဟု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စန်းစန်းအောင်က ပြောသည်။
အဆိုပါအားကစားသင်တန်းကို မတ်လ ၁၀ရက်နေ့ကစတင်၍ ဘောလုံး၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ Fitness Dance ဘတ်စကတ်ဘောနှင့် ကြက်တောင် စုစုပေါင်းအားကစားနည်း ခြောက်မျိုးဖွင့်လှစ်ခဲ့ပြီးသင်တန်းသား ၁၈၀ ဦး တက်ရောက်သင်ကြားနေခြင်းဖြစ်ကာ အားကစား သင်တန်းများ ပြန်ဖွင့်မည့်ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


