နေပြည်တော် ၁ ဇွန်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Coronavirus Disease (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် ကုသမှုပေးနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နေပြည်တော်ကောင်စီအနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ် ကုသမှုပေးနိုင်ရေးလုပ်ငန်းများ စီမံဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြေကြားသည်။
လှူဒါန်းပွဲတွင် (MHP) မဟာပညာ ကိုယ်ပိုင်အထက်တန်းကျောင်း (ဇမ္ဗူသီရိမြို့နယ်) မှ အလှူငွေကျပ် သိန်း(၅၀)၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) အမှတ်စဉ်(၁၅) ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အလှူငွေကျပ်သိန်း (၂၀)တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ် ကုသမှုပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


