မယ်စဲ့ ၂၂ မတ်
တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော COVID-19 နှင့်ပတ်သက်၍ ကူစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်များဖြစ်သည့် ထိုင်းနိုင်ငံ ခွန်ယွန်းမြို့နယ် ဟွေတနွန်ဂိတ် (မယ်စဲ့ဘီပီ-၁၃) နှင့် ထိုင်းနိုင်ငံ မယ်စလင်းမြို့နယ် ဆောင်ဟိန်ဂိတ် (မယ်စဲ့ဘီပီ-၁၄) တို့ကို မတ် ၂၁ ရက်မှစ၍ ထိုင်းနိုင်ငံဘက်မှ ယာယီပိတ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ တာဝန်ရှိပုဂ္ဂိုလ်များက မတ် ၂၁ ရက်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ရောဂါပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်နိုင်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် မယ်ဟောင်ဆောင်ခရိုင်နှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ၊ ခွန်ယွန်းမြို့နယ် ဟွေတနွန်ဂိတ် (မယ်စဲ့ဘီပီ-၁၃) နှင့် ထိုင်းနိုင်ငံ၊ မယ်စလင်းမြို့နယ် ဆောင်ဟိန်ဂိတ် (မယ်စဲ့ဘီပီ-၁၄) တို့မှ နှစ်နိုင်ငံဖြတ်သန်းသွားလာသူများ၊ ယာဉ်များ၊ ကုန်ပစ္စည်းများကို မယ်ဟောင်ဆောင်ခရိုင်ဝန်၏ ထုတ်ပြန်ချက်ဖြင့် ရောဂါထိန်းချုပ်နိုင်သည့် အချိန်ထိ ယာယီပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိ မယ်စဲ့ဘီပီ(၁၃)ဂိတ်မှာ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကိုတော့ မတ် ၂၂ ရက်အထိ ထိုင်းနိုင်ငံဘက်မှ လက်ခံဆောင်ရွက်ပေးသွားမှာပါ။ လူဝင်/လူထွက်ကိုတော့ ယနေ့မှစပြီး လုံးဝပေးမဝင်တော့ပါဘူး”ဟု နယ်စပ်ဂိတ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


