လိုင်လင်းပီ ၂၄ နိုဝင်ဘာ

 

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေး အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲခန့်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကြသည်။

 

အစည်းအဝေးတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးမှ အမှာစကား ပြောကြားရာတွင်  မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တာဝန်ကျပုဂ္ဂိုလ်များ အနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား ရာဇဝင်များ မှတ်တမ်းရေးသွင်းခြင်း၊ သက်ဆိုင်ရာအာဏာပိုင်များမှ ထုတ်ပေးသည့် ခရီးသွားထောက်ခံချက်များ ပါ/မပါစစ်ဆေးခြင်းအပြင် ဟားခါးမြို့၊ ဂန့်ဂေါမြို့၊ ကလေးမြို့၊ ပခုက္ကူမြို့၊ မင်းတပ်မြို့နှင့် အခြား COVID-19 ဖြစ်ပွားရာမြို့နယ်များမှ လာရောက်သူများအနေဖြင့် COVID-19 Test Kit ဖြင့် (၇၂)နာရီအတွင်း စစ်ဆေးထားသည့် မှတ်တမ်းတင်ပြနိုင်မှသာ မြို့တွင်းသို့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါမှတ်တမ်းများ တင်ပြနိုင်ခြင်းမရှိပါက မတူပီမြို့နယ် Facility Quarantine Center သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ပေါက်များမှ ဝင်ရောက်လာသူများနှင့် ယင်းသို့တရားမဝင် ဝင်ရောက်လာသူများအား လက်ခံသူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သိလိုရာများကိုမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကြပြီး အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့အစည်းနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ယာကမ် (ပြန်/ဆက်)