ဘားအံ ၂၆ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်အဆင့်မြင့် အားကစားကွင်းခန်းမတွင် အစားအစာနှင့် သောက်ရေဘူးများကို ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မတ် ၂၅ ရက် ညပိုင်းက ဘားအံမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ ကူညီပို့ဆောင်ပေးနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘားအံ ကားကြီးဝင်းတွင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားနေမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ရွှေ့ပြောင်း မြန်မာနိုင်ငံ့သားများ ဝင်ရောက်လာသည်မှာ နေ့စဉ်များပြားလျက်ရှိနေသည်။
ရောဂါကူးစက်ပြန့်ပွားမှု ထိန်ချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ မိမိတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိလာသူများအနေဖြင့် ရောက်ရှိသည့်နေ့ရက်မှ ၁၄ ရက်အတွင်း တည်းခိုနေထိုင်သည့် နေအိမ်များတွင်လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးထားသည့် နေရာများတွင်လည်းကောင်း စောင့်ကြည့်နေထိုင်ခြင်းဖြင့် ရောဂါကူးစက်လာမှု ရှိ/မရှိကို သိနိုင်မှသာလျှင် အခြားသူများနှင့် မိသားစုဆွေမျိုးများအား ကူးစက်မှုမရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


