(၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ထိုသို့ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် နေထိုင်သော အသက် (၂၇) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့မှ (၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ မူဆယ်မြို့နယ်စပ် ဝင်ထွက်ဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများမှ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ကိုယ်အပူချိန် မြင့်တက် လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူနာအား စစ်ဆေးခဲ့ရာ (၂-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်း သိရှိရသည့်အတွက် မူဆယ်ပြည်သူ့ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ ၎င်းအားစောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှု ပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအမျိုးသမီး၌ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရပါ။

 

၃။ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိသော -

(က) ဝေဘာဂီ အထူးကုဆေးရုံမှ အသက် (၃၂) နှစ် အရွယ် အမျိုးသမီး (၁) ဦး နှင့်

(ခ) မူဆယ်ပြည်သူ့ဆေးရုံမှ အသက် (၉) နှစ်အရွယ် အမျိုးသား (၁) ဦး၊


စုစုပေါင်း (၂) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။

 

၄။ ယနေ့ (၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်အထိ လူနာ (၃) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပါသည်။

 

၅။ ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု ခံယူနေသော အသက် (၂၆) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယနေ့၊ ညနေစစ်ဆေးချက်များအရ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါသည်။

 

၆။ (၅-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၇) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

 

Ref; Ministry of Health and Sports, Myanmar