ရန်ကုန် ၂၉ မတ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုသည့် ကျန်းမာရေးဝန်ထမ်းများ ထားရှိမည့် အဆောက်အဦအား ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝန်းသို့ ရောက်ရှိပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဝန်ကြီးချုပ်နှင့်အတူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့ လိုက်ပါခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်သည် အဆိုပါဝန်းအတွင်း ဝန်ထမ်းများအတွက် ဆောက်လုပ်လျက်ရှိသော (၄) ခန်းတွဲ (၁၀) ထပ်ရှိ အခန်းနေရာများကို ကိုရိုနာဗိုင်းရပ်စ် COVID - 19 စောင့်ကြပ်ကြည့်ရှုနေသည့် ဆရာဝန်များ၊ ဆရာမများနှင့် ဝန်ထမ်းများအား ထားရှိရန် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် လသာမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် သူအများအတွက် ပြင်ပလူနာဌာန (ယာယီ) အဖြစ် ဖွင့်လှစ်ထားရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကိုလည်းကောင်း၊ လှိုင်မြို့နယ်ရှိ Hlaing Quarantine Center တွင် ပြည်ပမှပြန်လည် ရောက်ရှိလာသည့်သူများအား (၁၄)ရက်ကြာ အသွားအလာကန့်သတ်၍ သီးခြားခွဲထားပြီး စောင့်ကြပ်ကြည့်ရှုနေသည့်  အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)