မန္တလေး ၂၃ မတ်

 

မြန်မာနိုင်ငံအတွင်း အခြေခံလူတန်းစား အများဆုံး စားသုံးနေသည့် စားအုန်းဆီကို Covid- 19 ရောဂါ ဂယက်ကြောင့် မလေးရှားနိုင်ငံမှ တင်သွင်းမှု ရပ်တန့်လိုက်သဖြင့် ပြည်တွင်း၌ စားအုန်းဆီ စျေးနှုန်းများမြင့်တက်လာကြောင်း မန္တလေးခရိုင် ဆီစက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

“အရင်က စားအုန်ဆီစျေးနှုန်းဆိုတာ တစ်ပိဿာကို ငါးဆယ်ကျပ်လောက်တောင် တက်ဖို့မလွယ်ကူပေမယ့် အခု ပြည်တွင်းကို အဝင်မရှိတော့တဲ့အတွက် သုံးရာကျပ်လောက်အထိ မြင့်တက်သွားတယ်၊ ဒီဆီအမျိုးအစားကလည်း ပြည်တွင်းမှာ အခြေခံလူတန်းစားတွေ အများဆုံး စားသုံးနေတဲ့အတွက် စျေးနှုန်းမတက်အောင် နည်းလမ်းရှာကြံပြီး ထိန်းသိမ်းပေး စေလိုပါတယ်၊” ဟု အဆိုပါအသင်း၊ ပြန်ကြားရေးတာဝန်ခံ ဦးသန်းလွင် က ပြောသည်။

 

စားအုန်းဆီစျေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ၁၆၅၀ကျပ်နှုန်းရှိခဲ့ရာမှ ယခုကာလတွင် မလေးရှား နိုင်ငံအနေဖြင့် COVID-19 ရောဂါပိုး ၎င်းတို့နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရန် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ရပ်တန့်လိုက်သဖြင့် စျေးနှုန်းများသိသာစွာ မြင့်တက်လာကာ မတ် ၂၀ ရက်တွင် တစ်ပိသာလျှင် ၂၀၀၀ ကျပ် နှုန်းခန့်အထိ ရောက်ရှိနေကြောင်း သိရသည်။

 

“မြန်မာနိုင်ငံအနေနဲ့ စားအုန်းဆီကို မလေးရှားနိုင်ငံက အများဆုံးဝယ်ယူမှု ရှိနေတာဖြစ်ပေမယ့်လည်း အခုလိုအခြေအနေမျိုးမှာ အင်ဒိုနီးရှားနိုင်ငံကနေ ၀ယ်ယူလို့ရပါတယ်၊ အဲဒီအတွက် တင်သွင်းမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သက်ဆိုင်ရာအနေနဲ့ ကူညီပေးစေချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားသုံးရန်အတွက် မလေးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းမှုမှာ တစ်လလျှင် တန်ချိန်တစ်သိန်းခန့်ရှိပြီး ပြည်တွင်း၌ရှိသော လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ စားအုန်းဆီကို အဓိက စားသုံးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)