ဂန့်ဂေါ၊ ၁၆ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ နိုင်ငံတော်၏ COVID-19 ရောဂါကာကွယ်ဆေး ဝယ်ယူရေးအတွက် လှူဒါန်းနိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အလှူတော်ကောက်ခံရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး အလှူတော်ကောက်ခံရေးကော်မတီ အတွင်းရေးမှူး ဦးတင်သောင်းက ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် နိုင်ငံတော်အတွက် တစ်ဦးချင်းစီ၏ အလှူကို စုပေါင်းပြီး မြို့နယ်အလိုက် လှူဒါန်းနိုင်ရန်စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အလှူတော်ကောက်ခံရေးကော်မတီသို့ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို မိသားစုက အလှူငွေကျပ်(၅)သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အလှူငွေကျပ်(၅)သိန်းနှင့် ဦးမြို့ဖေ+ဒေါ်စန်းစန်းမူ (မြို့ဖေမိသားစုစက်သုံးဆီရောင်းဝယ်ရေး)က အလှူငွေကျပ်(၃၀)သိန်း စုစုပေါင်း သိန်း(၄၀)ကျပ်တို့ကို မတည်ငွေအဖြစ် အလှူခံရရှိပြီးပြီဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာမှ ဒေသခံပြည်သူတွေ စုပေါင်းအလှူငွေများကို နိုင်ငံတော်၏ COVID-19 ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေစာရင်းသို့ ဖေဖော်ဝါရီ ပထမပတ်အတွင်း ဂန့်ဂေါမြို့နယ်မှ ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဖုန်း ၀၆၂၅၀၀၀၈၊ ၀၉၄၀၀၃၀၂၄၈၇ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း အလှူတော်ကောက်ခံရေးကော်မတီအတွင်းရေးမှူး ဦးတင်သောင်း ထံမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


