မလှိုင် ၂၅ မတ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် မြို့မစည်ပင်သာယာစျေးတွင် အများပြည်သူ အဝင်အထွက်များသည့် ဝင်ပေါက်များဖြစ်သည့် စျေးအရှေ့ဘက်ပေါက်နှင့် စျေးအနောက်ဘက်ပေါက်များတွင် COVID-19 ရောဂါကာကွယ်ရေး လက်ဆေးဘေစင်များ ထားရှိပေးခြင်းကို ယနေ့ နံနက် ၇ နာရီခန့်က ဆောင်ရွက်ပေးခဲ့သည်။
“မြို့နယ်စည်ပင်သာယာအဖွဲ့ ရန်ပုံငွေနဲ့ မနက်ခင်း စျေးဖွင့်တဲ့ ၇ နာရီလောက်ကထဲက လက်ဆေးဆပ်ပြာနဲ့ လက်ဆေးရေ ချပေးထားတာပါ။ နောက်ပြီး ဗီနိုင်း ပိုစတာကပ်ပြီး အသိပညာပေးထားပါတယ်။ စျေးသူ စျေးသားတွေ COVID-19 ရောဂါမဖြစ်ပွားဖို့ လက်သန့်ရှင်းရေး ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးတာပါ" ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးမင်းသီဟအောင်က ပြောသည်။
"COVID-19 ရောဂါ ကာကွယ်ဖို့ အားလုံးလက်ဆေးစို့" ဟူသော ဗီနိုင်းများတပ်ဆင်ပေးထားပြီး လူစည်ကားလေ့ရှိသည့် မြို့မစည်ပင်သာယာစျေး အရှေ့ဘက် ဝင်ပေါက်နှင့် အနောက်ဘက် ဝင်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိပေးကာ စျေးအဝင်အထွက်များအား လက်ဆေးရန် တိုက်တွန်းနှိုးဆော် အသိပညာပေးထားကြောင်း သိရသည်။
ဘိုဘို(မလှိုင်)


