ကောလင်း ၃၀ မတ်
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ကောလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့သည် မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲက ကောလင်းမြို့၌ COVid-19 ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် COVid-19 အထောက်အကူပြုအဖွဲ့ရုံးခန်းတွင် အထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး အကာအကွယ်ပစ္စည်း (PPE) ဝတ်စုံများ၊ Mask များ၊ အပူချိန်တိုင်းကိရိယာများ လှူဒါန်းလက်ခံရရှိမှုနှင့် သုံးစွဲမှုတို့ကို မေးမြန်းဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့နယ် ပြည်သူ့ဆေးရုံတွင် သံသယလူနာများ တွေ့ရှိလာပါက ထားရှိမည့် အခန်းနေရာများကို မြို့နယ်ဆရာဝန်ကြီးမှ လည်းကောင်း၊ ပြည်ပမှပြန်လာသူများ ထားရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ Facility Quanitine တွင် နေထိုင်စားသောက်မှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် အလှူရှင်များ ပူပေါင်းပြီး စီမံဆောင်ရွက်ထားရှိမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အပူချိန်တိုင်းကိရိယာဖြင့် ကျန်းမားရေးစစ်ဆေး ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကောလင်းမြို့နယ်၌ COVid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ပြည်သူများမှ လှူဒါန်းငွေကျပ် ယနေ့အထိ ကျပ် ၆၁၉၅၀၀၀ နှင့် အခြားကာကွယ်ရေး ထောက်ပံ့ပစ္စည်းများ လက်ခံရရှိခဲ့ကြောင်း အထောက်အကူပြုအဖွဲ့ဝင် ဦးသန်းမြင့်ထံမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


