မတ္တရာ ၂၈ မတ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက် ညနေပိုင်း မြို့မစျေး ပိတ်ချိန်တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပိုးသတ်ဆေးဖျန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးမိစျေးဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)တို့ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် မြို့မစျေး အပြင်ဘက်လမ်းများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ်များကို အေးမေတ္တာ အထူးကုဆေးခန်းမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့မစျေးအဝင်ပေါက်များနှင့် လူထူထပ်ရာ နေရာများတွင် လက်ဆေးရန်အတွက် ဘေစင်(၉)စင်အား ထားရှိပေးထားကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


