မန္တလေး ၂  အောက်တိုဘာ

မန္တလေးတိုင်းမှာ ချမှတ်ထားသည့် Covid-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို အောက်တိုဘာ ၁၅ ရက်အထိ ထပ်တိုးကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့ရက်စွဲဖြင့် ထပ်မံထုတ်ပြန်လိုက်သည်။

 

မန္တလေးမြို့မှာ Covid-19 ပိုးတွေ့လူနာ ပိုတိုးလာနေပြီး Stay at  Home  မကြေညာထားသည့် အောင်မြေသာစံမြို့နယ်တွင် ပိုးတွေ့လူနာတိုးကာ ဆက်စပ်လူနာများပြားနေတာကြောင့် ဂရုပြုနေထိုင်ကြရန် အတွက်လည်း တိုင်းအစိုးရမှ ကြေညာချက်များ ထုတ်ပြန်ထားသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ တိုင်းဒေသကြီးအတွင်း  Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ လုပ်ငန်းတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

"တိုင်းဒေသကြီး အတွင်းမှာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ ယခု ပြင်ဆင် ဆောင်ရွက်နေတဲ့ ဧရာ၀တီစင်တာ အပြင် ပြင်ဦးလွင်ခရိုင် အတွင်းမှာရှိတဲ့ ကုတင် ၅၀ ဆံ့ ဇီပင်ကြီးဆေးရုံ မှာလည်း အတည်ပြု Positive လူနာ ၄၀ ထားရှိရန် ဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။ ထပ်မံ လိုအပ်လာမယ် ဆိုရင်လည်း သင့်လျော်မယ့် အခြားနေရာတွေ မှာလည်း ပြင်ဆင် ဆောင်ရွက်ဖို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။" ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

မန္တလေးတိုင်းမှာ COVID-19 ရောဂါအတည်ပြုလူနာ ၃၀၄ ဦး အထိရှိပြီး ရောဂါပျောက်ကင်းကင်းသူ ၁၄၆ ဦး ရှိကာ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြိုးအိ

 

 FB_IMG_160154

 

 FB_IMG_16015