ညောင်လေးပင် ၂၉ မတ်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကာကွယ်နိုင်ရန်အတွက် စိတ်ပါဝင်စားသည့် လူငယ်များစုပေါင်းပြီး လက်ဆေးဘေစင်များကို မတ် ၂၈ ရက်က လူစည်ကားရာ နေရာများတွင် လိုက်လံတပ်ဆင်ခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်အဖွဲ့သည် ညောင်လေးပင်မြို့အတွင်းရှိ ကားဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်များ၊ ဈေးပတ်ဝန်းကျင်နှင့် လူစည်ကားရာနေရာများ၌ "ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဖို့ မိမိကစ လက်ဆေးစို့" စာသားပါဗီနိုင်းများနှင့်အတူ ၎င်းတို့ကိုယ်တိုင် လိုက်လံတပ်ဆင်ပေးကြကာ ဘေစင်များတွင် ရေဘူးကြီး၊ လက်ဆေးဆပ်ပြာရေ၊ တစ်ရှူး၊ အမှိုက်တောင်း စသည့်ပစ္စည်းများပါ ထားရှိပေးထားသည်။
"ဒီလိုလှူဒါန်းဖြစ်တာကတော့ ကမ္ဘာတစ်ဝှန်းမှာ COVID-19 ရောဂါ ဖြစ်နေတဲ့ကိစ္စကို အသိပေး နှိုးဆော်ချင်တာလဲပါတယ်။ ကျန်းမာရေးဂရုစိုက်တဲ့အနေနဲ့ ဘယ်ကပြန်လာလာ လက်ဆေးရမယ် ဆိုတာကို နှိုးဆော်ချင်တဲ့ စိတ်လေးနဲ့ပဲ လုပ်ဖြစ်သွားတာပါ" ဟု လှူဒါန်းရသည့် ရည်ရွယ်ချက်အား စုပေါင်းလှူဒါန်းသည့် လူငယ်အဖွဲ့မှ ကိုသာကျော်သျှံက ပြောသည်။
ဘေစင်များ ရေရှည်တည်တံ့ရန်အတွက် ၎င်းတို့လူငယ်အဖွဲ့မှ ဆက်လက်ကြည့်ရှုထိန်းသိမ်းမည်ဖြစ်ပြီး လက်ဆေးဘေစင် အလုံး (၂၀)၊ တန်ဖိုးငွေ ခြောက်သိန်းကျော်ဖိုး လှူဒါန်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ညောင်လေးပင်မြို့နယ်တွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ မြို့ပါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား Home Quarantine ပြုလုပ်ခြင်း၊ လူစည်ကားသည့်နေရာများတွင် ဆောင်ရန် ရှောင်ရန်အချက်များပါသည့် ဗီနိုင်းများထားရှိခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့စက်များဖြင့် ကြေညာခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


