မိတ္ထီလာ  ၂၆   မတ် 

မိတ္ထီလာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်လျက်ရှိသည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များက လှူဒါန်းငွေကျပ် ၈၄ သိန်း ပေးအပ်လှူဒါန်းပွဲကို မတ်လ ၂၅ ရက် ညနေ ၃ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာခရိုင်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်လျက်ရှိသည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် လှူဒါန်းငွေကျပ်သိန်း ၈၀ ပေးအပ်လှူဒါန်းသည့် အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ) တာဝန်ခံအရာရှိ ဦးတိုးတိုးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာညွန့်စိန်ထံသို ့  အက်ရှင်အေ့ဒ်မြန်မာ(မိတ္ထီလာ)က လှူဒါန်းငွေ ကျပ် ၈ဝ သိန်း၊ ဗိုလ်မှူးကြီးမောင်မောင်ရှင် (ငြိမ်း) (Grand Cosmos Hotel ) မိသားစုက ငွေကျပ် ၂ သိန်း၊ ဦးကျော်ဆွေ ( Star Light ) မိသားစုက ငွေကျပ် ၂ သိန်း စုစုပေါင်း ငွေကျပ် ၈၄ သိန်း ကို ပေးအပ်လှူဒါန်းသည်။   
 
ထို့နောက် ခရိုင်ဆေးရုံအုပ်ကြီး ဦးညွန့်စိန်က အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး  ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိတ္ထီလာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို တာဝန်ရှိသူများက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများကအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။   

မိတ္ထီလာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့် PPE ဝတ်စုံများ ၊       ကိုယ်အပူချိန်တိုင်းကိရိယာများ စသည့် အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် လှူဒါန်းငွေများနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ဒေသခံစေတနာရှင်အလှူရှင်များက   ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံသို့ စဉ်ဆက်မပြတ် ဆက်သွယ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ 

ချမ်းသာ(မိတ္ထီလာ)