နေပြည်တော် ၁၂ မတ်
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၃/ ၂၀၂၀) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၁၁-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုများအား ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ်သတ်မှတ် ကြေညာခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မိမိတို့နိုင်ငံအပါအဝင် ရောဂါကူးစက်ပျံ့နှံ့မှုမရှိသေးသော နိုင်ငံများအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော - (က) ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးခြင်း၊ (ခ) အရေးပေါ်တုံ့ပြန်ရေးစနစ်ကို အဆင်သင့်ပြင်ဆင်ထားရှိ အသက်သွင်းထားခြင်း၊ (ဂ) ပြည်သူလူထုအား ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ခြင်း၊ (ဃ) ရောဂါပိုးရှိ သူများရှာဖွေခြင်း/ အခြားနိုင်ငံများမှ ရောဂါရှိသူများနှင့် ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်ခြင်း၊ သံသယရှိသူများကို သီးခြားခွဲထားရှိခြင်း၊ (င) ရှိရင်းစွဲ ရောဂါစောင့်ကြပ်ကြည့်ရှုမှု စနစ်များကိုသုံး၍ သံသယရှိသူများကို ဖော်ထုတ်ကာ COVID-19 ရောဂါပိုး ဓာတ်ခွဲစမ်းသပ်ခြင်း၊ (စ) လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောခြင်း၊ ချောင်းဆိုး၊ နှာချေခြင်း ကျင့်ဝတ်နှင့် လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာနေခြင်းအား ရှောင်ကြဉ်ခြင်းတို့ကို လက်တွေ့ကျင့်သုံးရန် ပြည်သူများအား အသိပညာပေးခြင်း အချက်များအား ဆောင်ရွက်ရန် တိုက်တွန်းထားခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအချက်များကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့အနေဖြင့် ပြည်သူများအကြား ဤရောဂါဖြစ်ပွားမှု လုံးဝမရှိစေရေးနှင့် အသက်ဆုံးရှုံးမှုမရှိစေရေးတို့ ဖြစ်ပါကြောင်း၊ ထို့အပြင်လူနာများအား ကုသမှုပေးသည့် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများထံ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လိုအပ်သည့် ကာကွယ်ရေးလုပ်ငန်းများ၊ ပစ္စည်းကိရိယာများ လုံလောက်စွာရှိစေရေးကိုလည်း အလေးပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင် COVID-19 ရောဂါ လောလောဆယ်ဖြစ်ပွားပျံ့နှံ့မှု အခြေအနေများကို ပြည်သူ့ကျန်းမာရေး ရှုထောင့်မှ သုံးသပ်ကြည့်ရာ မိမိတို့နိုင်ငံသို့ ရောဂါဝင်ရောက်နိုင်မည့် အလားအလာသည် တစ်နေ့တစ်ခြား ပိုမိုများပြားလာနေပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများမှလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးသည် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စဖြစ်သည်ကဲ့သို့ နှလုံးသွင်းကာ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်မှုမရှိပါက မိမိတို့၏ ဆောင်ရွက်ချက်များ၏ အကျိုးကျေးဇူးသည် ရာနှုန်းပြည့်ရရှိနိုင်မည် မဟုတ်ပါကြောင်း။
ပြည်သူများထံမှ မှန်ကန်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိနိုင်ရန်အတွက်လည်းကောင်း၊ လိုအပ်သည်များကို အကြံပြုတောင်းဆိုနိုင်ရန်အတွက် လည်းကောင်း၊ ပြည်သူများတွင် ဤရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ဗဟုသုတ ကြွယ်ဝရေးမှာ အရေးကြီးပါကြောင်း၊ အဆိုပါကိစ္စရပ်အတွက် ဝန်ကြီးဌာနမှ မဟာဗျူဟာများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် အတိုင်းအတာတစ်ခုအထိ ပူးပေါင်းပါဝင်မှုများကို တွေ့ရှိနေရပါကြောင်း၊ ပြည်သူများထံမှ ယခုထက်ပိုမိုကောင်းမွန်သည့် ပူးပေါင်းပါဝင် ဆောင်ရွက်မှု များရရှိစေရန်အတွက် မိမိတို့အနေဖြင့်ဆန်းသစ်သော နည်းဗျူဟာများဖြင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဤကိစ္စအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများမှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၌ ဦးဆောင်၍ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လွန်ခဲ့သော (၂)ပတ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပ၌ COVID-19 ရောဂါ ဖြစ်ပွားမှုသည် (၁၃) ဆခန့် မြှင့်တက်လာပြီး ဖြစ်ပွားသော နိုင်ငံအရေအတွက်မှာလည်း (၃) ဆ တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဤအချက်ကို မိမိတို့အနေဖြင့် အထူးသတိထား၍ နောက်ခံထားစဉ်းစားရမည်ဖြစ်ပါကြောင်း၊ အီတလီ၊ အီရန်နှင့် ကိုရီးယားသမ္မတနိုင်ငံ အစရှိသည့်နိုင်ငံများ၌ ရောဂါပျံ့နှံ့မှုများသည် ရုတ်တရက် များပြားစွာဖြစ်ပေါ်လာခြင်းဟူသော အချက်သည် ကပ်ရောဂါဗေဒရှုထောင့်မှ အထူးအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပြီး မိမိတို့နိုင်ငံတွင် ၎င်းတို့ကဲ့သို့မဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အဆိုပါ နိုင်ငံများကဲ့သို့ ဖြစ်ပွားပါက မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မနိုင်နင်းသောတာဝန်ကို ထမ်းရမည်ဖြစ်ပါကြောင်း၊ ယခုလောလော ဆယ်ကာလ၌ ဤရောဂါ ကာကွယ်ထိန်းချုပ်ရန် ကိစ္စရပ်များကို ပြတ်ပြတ်သားသားဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒ၊ လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းစဉ်းစားသုံးသပ်ကာ ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ရာ၌ မြန်မာနိုင်ငံ ပြည်သူများ၏အရေး၊ မြန်မာနိုင်ငံ ပြည်သူများ ရောဂါမရရှိစေရေး၊ ရောဂါဖြစ်ပွားပါကလည်း သေဆုံးမှု အနည်းဆုံးဖြစ်စေရေးတို့ကို နောက်ခံထား၍ မိမိတို့ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံအတွင်းသို့ ရောဂါသည် မလွဲမသွေဝင်ရောက်နိုင်သည်ဟူသော အသိစိတ်ဓာတ်ဖြင့် ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုပြီး ဆေးရုံများတွင်ဆေးနှင့် ဆေးပစ္စည်းများအသင့်ပြင် ဆင်ထားရှိမှု၊ ကုသမှုပေးမည့် ဝန်ထမ်းများအတွက် ရောဂါကူးစက်ခြင်း မရှိစေရန် ရောဂါကာကွယ်ရေးပစ္စည်းများလုံလောက်မှုရှိစေရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝယ်ယူထားသည်နှင့် လှူဒါန်းလက်ခံရရှိထားသည့် ဆေးနှင့် ဆေးပစ္စည်းများအား လူနာများအားကိုင်တွယ်ကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများ (Front line health staff) အတွက် ဖြန့်ဖြူးပေးရန်ကို ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ သုံးသပ်ပြီး အရေးကြီးကိစ္စအနေဖြင့် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် သင်တန်းများ ပေးခြင်းများကိုလည်း ဆက်လက်အားဖြည့်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
မိမိတို့ လုပ်ဆောင်ထားရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်မှုရှိ၊ မရှိကို သိရှိနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး နိယာမများနှင့်အညီ ပြန်လည်ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်ကာ လိုအပ်သည်များ အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ထားရှိသော လုပ်ငန်းများအားဆန်းစစ်သုံးသပ်ရာတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူများပါ ပါဝင်၍ အကြံပြုဆွေးနွေး ပြောကြားနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း ယခုရက်ပိုင်းအတွင်းပြုလုပ်သွားမည် ဖြစ်ပါကြောင်း။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒရှုထောင့်တို့မှ ဆွေးနွေးမှုများအပြင်၊ မီဒီယာများရှုထောင့်၊ ပြည်သူများ၏ရှုထောင့်၊ ကျန်းမာရေးအသိပညာဖြန့်ဝေမှုနှင့် သတင်းပြန်ကြားမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးမှုများကိုပါ ရယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခုအချိန်၌ COVID-19 ရောဂါ ဖြစ်ပွားမှု မတွေ့ရှိရသေးသည့်အတွက် ပြင်ပနိုင်ငံများမှ ဝင်ရောက်မှုနည်းသည်နှင့်အမျှ နိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့နိုင်ချေ နည်းပါးစေမည်ဆိုသည့်အချက်ကို သိရှိသဘောပေါက်ရမည် ဖြစ်ပါကြောင်း။
ထိုကြောင့် ရောဂါဖြစ်ပွားမှုများပြားသည့် နိုင်ငံများမှ ခရီးသွားများ ပြည်တွင်းသို့ဝင်ရောက်မှု နည်းနိုင်သမျှနည်းပါးစေရေးအတွက် လုပ်ဆောင်ရန်ရှိသည်များကို မိမိအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ စာဖြင့်ပေးပို့ အကြံပြုထားခဲ့ပြီးဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များမှ ဝင်ရောက်လာသူများအား ရောဂါဖြစ်ပွားမှု များပြားသည့်နိုင်ငံများအလိုက် ယေဘုယျအားဖြင့် (၁၄)ရက်ကြာ အသွားအလာကန့်သတ်ခြင်း (Quarantine) အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်မှု ရှိစေရန်အတွက် ကပ်ရောဂါဗေဒရှုထောင့် သုံးသပ်ဆန်းစစ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ကလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဆန်းစစ်သုံးသပ်မှု အဖွဲ့ကို ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ) က လည်းကောင်း၊ ဆေးရုံပိုင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆန်းစစ်သုံးသပ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ကလည်းကောင်း၊ နိုင်ငံတကာဝင်၊ ထွက်ဂိတ်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆန်းစစ်သုံးသပ်မှုအဖွဲ့ကို ဒုတိယညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး) ကလည်းကောင်း အသီးသီး တာဝန်ယူဦးဆောင်၍ စနစ်တကျ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေး၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုများအား ကမ္ဘာ့ကပ်ရောဂါ (pandemic) အဖြစ်သတ်မှတ်ကြေညာခဲ့မှုနှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နေ့စဉ်ဖြစ်ပွားမှုအခြေအနေများ၊ ကမ္ဘာ့နိုင်ငံများတွင် လူနာအသစ်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ညွှန်းပို့ဆေးရုံကြီးများ (Designated Hospitals) နှင့် အခြားသော ဆေးရုံကြီးများရှိ စောင့်ကြည့်လူနာများ၏ အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ ဓာတ်ခွဲနမူနာ စစ်ဆေးထားရှိသည့် အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ ရေဆိပ်များ၊ နယ်စပ်ဝင်ပေါက်/ ထွက်ပေါက်ဂိတ်များမှ ဝင်ထွက်သွားလာမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊ COVID-19 ရောဂါဖြစ်ပွား/သေဆုံးမှု မြင့်တက်နေသည့်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသား များအတွက် Quarantine (၁၄)ရက်ထားရှိ နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ပြည်သူများ ကျန်းမာရေးအသိပေးနှိုးဆော်မှုများ လိုက်နာဆောင်ရွက်ရေးအတွက် လုပ်ဆောင်နေမှုများ၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများမှ တာဝန်ရှိသူများ Vidoe Conferencing ပြုလုပ်၍ လုပ်ငန်းဆွေးနွေးပြောကြားမှုများ၊ ဆေးနှင့် ဆေးပစ္စည်းဝယ်ယူထားရှိမှု၊ လှူဒါန်းလက်ခံရရှိမှု စသည်တို့ကို ဆွေးနွေးတင်ပြကြသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ ဖြန့်)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၊ ပြည်သူကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်


