COVID-19 ကာလ ကြာမြင့်လာပါက စိတ်ဖိစီးမှုကာလသည်လည်း ကြာမြင့်လာမည် ဖြစ်ပါသည်။ စိတ်ဖိစီးမှုကာလ ကြာမြင့်မှုအပေါ်မူတည်၍ စိတ်ဖိစီးမှုကို စတင်သိရှိပြီး တုံ့ပြန်ရန် ပြင်ဆင်သည့်အဆင့်၊ ခံနိုင်ရည်ရပြီး ရင်ဆိုင်ဖြေရှင်းနိုင်သည့် အဆင့်နှင့် စိတ်မောပမ်းကျဆင်းသည့် အဆင့်ဟူ၍ အဆင့်(၃)ဆင့်ကို လူတိုင်းရင်ဆိုင် ကျော်လွှားရနိုင်ပါသည်။ COVID-19 ရောဂါကူးစက်မှုကြောင့် ပြည်သူများ ကျန်းမာရေးအတွက် စိုးရိမ်ရမှုနှင့်အတူ အလုပ်အကိုင် ပြဿနာ၊ ငွေရေးကြေးရေးအခက်အခဲ၊ မိသားစုနှင့် ခွဲခွာနေရခြင်း၊ COVID-19 ရောဂါနှင့် စပ်လျဉ်းပြီး ခွဲခြားဆက်ဆံခံရတတ်ခြင်းနှင့် အပြစ်တင်ခံရခြင်းစသည့် အမျိုးမျိုးသော စိတ်ခံစားရမှုနှင့် စိတ်ဖိစီးမှုများ ဖြစ်လာတတ်ပါသည်။ ကောင်းစွာအိပ်မပျော်ခြင်း၊ အစားအသောက်မမှန်ခြင်းကြောင့် ကိုယ်အလေးချိန် တက်ခြင်း/ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ စိတ်တည်ငြိမ်မှုမရခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ အထီးကျန် ခံစားရခြင်းများသည် စိတ်ဖိစီးမှုကို စတင်သိရှိပြီးတုံ့ပြန်ရန် ပြင်ဆင်သည့်အဆင့်ကို ကျော်ဖြတ်နေရချိန် ခံစားရမှုများဖြစ်ပါသည်။
ထိုစိတ်ဖိစီးမှုများသည် အချိန်အတိုင်းအတာတစ်ခု၌ ခံနိုင်ရည်ရရှိလာပြီး စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရပြီး ရင်ဆိုင်ဖြေရှင်းနိုင်သည့်အဆင့်သို့ ကူးပြောင်းနိုင်ရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်မလာဘဲ ကာလအတန်ကြာ ဆက်လက်စိတ်ဖိစီးမှုခံစားရပါက စိတ်မောပမ်းကျဆင်းသည့် အဆင့်သို့ ရောက်ရှိသွားတတ်ပြီး စိတ်ဓါတ်အလွန်အမင်းကျဆင်းခြင်း၊ ပြဿနာများကို ဆက်လက်ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း လုံးဝမရှိတော့ခြင်း စသည့် နောက်ဆက်တွဲ ဆုံးရှုံးမှုများ ရှိလာနိုင်ပါသည်။
ဤ COVID-19 ကာလတွင် တာဝန်ရှိ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို မဖြစ်အနေ အပြည့်အဝ လိုက်နာရမည်ဖြစ်သောကြောင့် စိတ်ဖိစီးမှုများထပ်ဆောင်းဖြစ်ပေါ် နိုင်သည်ဟု ယူဆနိုင်သော်လည်း ချမှတ်သည့် စည်းကမ်းများကို အလေ့အထဖြစ်အောင် ကြိုးစားခြင်းသည် စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရရှိကာ၊ ရင်ဆိုင်ဖြေရှင်းနိုင်သောအဆင့်သို့ ကူးပြောင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ရေရှည်တွင် လူမှုစီးပွားအခက်အခဲများကိုလည်း ဆက်လက်ဖြေရှင်းနိုင်စွမ်းရှိလာမည်ဖြစ်ပါသည်။
ထို့အပြင် ပြည်သူများအနေဖြင့် အချိန်ကာလ မသတ်မှတ်နိုင်သေးသော COVID-19 ကာလကို အောင်မြင်စွာကျော်ဖြတ်ရန် စိတ်ဖိစီးမှုများကို မှန်ကန်သောနည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းတတ်ရန် လိုအပ်ပါသည်။ အဓိကအရေးကြီးသည်မှာ ဤအချိန်တွင် COVID-19 ကြောင့် မိမိသာမက လူတိုင်း စိတ်ဖိစီးမှုများ ခံစားနေရသည်ဟူသော အချက်ဖြစ်ပါသည်။ ဤအချက်သည် မိမိ၏စိတ်ဖိစီးမှုများကို အဓိကလျော့ကျစေပြီး မိမိ၏အတ္တစိတ်ကိုလည်း လျော့နည်းသွားစေသကဲ့သို့ အခြားသူများအပေါ်တွင်လည်း ကိုယ်ချင်းစာစိတ်ပိုမို ဖြစ်ပွားစေနိုင်ပါသည်။ ကိုယ်ချင်းစာစိတ်သည် လူတစ်ဦးနှင့် တစ်ဦးအကြား အမုန်းတရားပွားများမှုကို လျော့နည်းစေပြီး ပြဿနာရပ်များကို ကြိုးစားလက်ခံဖြေရှင်းနိုင်စွမ်း မြင့်မားစေသဖြင့် COVID-19 ကာလနေထိုင်မှုပတ်ဝန်းကျင်တွင် စိတ်ဖိစီးမှုများလျော့ကျစေပါသည်။ ကြုံတွေ့ရသောကိစ္စများကို ဒေါသစိတ်ဖြင့် ဖြေရှင်းခြင်းမပြုဘဲ မိမိကိုယ်ကို အမြဲသတိထားခြင်း၊ အခက်အခဲပြဿနာရပ်များကို မိသားစုဝင်များ (သို့မဟုတ်) အနီးကပ်နေထိုင်ရသူများနှင့် ဝိုင်းဝန်းအဖြေရှာခြင်း၊ ရာသီဥတု၊ မိမိ၏ ကျန်းမာရေးအခြေအနေတို့နှင့် လျော်ညီစွာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်း၊ မျှတသော အာဟာရမှီဝဲခြင်း၊ လုံလောက်သော အိပ်စက်အနားယူခြင်းများကို ပြုလုပ်ခြင်း၊ စိတ်ထွက်ပေါက်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်လိုက်မာန်ပါပြုမူ ဆောင်ရွက်ခြင်းနှင့် အရက်/မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို ရှောင်ရှားခြင်း တို့သည် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပြီး စိတ်ခွန်အားများကို တိုးတက်ရရှိစေကာ စိတ်မောပမ်းကျဆင်းခြင်းအဆင့်သို့ ရောက်ရှိခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (စိတ်ကျန်းမာပညာအဖွဲ့)