၁၃ မတ်

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) နှင့် (၁၁) မှ ပွဲအားလုံးကို ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများ၊ လိဂ်ကော်မတီဝင်များနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ဧပြီ ၃၀ ရက်အထိ ပြည်တွင်းပွဲများကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန်၊ လူစုလူဝေးဖြင့် ကျင်းပရမည့် ဘောလုံးလှုပ်ရှားမှုများအားလုံး ခေတ္တရပ်ဆိုင်းထားရန် ဆွေးနွေးဆုံးဖြတ်ခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများသည် မတ် ၁၃ ရက် ညနေပိုင်းတွင် MNL ကလပ်အသင်းများနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) နှင့် (၁၁) ကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန်၊ ပွဲအားလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏနှင့် YUSC ကွင်းသို့ ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ပထမအကျော့လက်ကျန်ပွဲများကို ယခုလအတွင်း အပြီးကျင်းပမည်ဖြစ်ပြီး ပွဲစဉ် (၁၀) ကို မတ် ၂၃၊ ၂၄၊ ၂၅ ရက်၊ ပွဲစဉ် (၁၁) ကို မတ် ၂၉၊ ၃၀၊ ၃၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပွဲအားလုံးကို ညနေ ၄ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ နယ်မြို့များတွင် အိမ်ကွင်းကစားနေသည့် အသင်းများမှာ ယင်းနှစ်ပွဲကို ရန်ကုန်မြို့၌ကစားရမည်ဖြစ်ပြီး ကလပ်အသင်းများအကြား မျှတမှုရှိစေရန် ကစားရမည့်ရက်နှင့် ကွင်းတို့ကို မဲနှိုက်ရေးဆွဲခဲ့သည်။

 

ပွဲစဉ် (၁၀) အဖြစ် မတ် ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မတ် ၂၄ ရက်တွင် YUSC ကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ မတ် ၂၅ ရက်တွင် သုဝဏ္ဏကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်း၊ YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်း၊ ပွဲစဉ် (၁၁) အဖြစ် မတ် ၂၉ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ မတ် ၃၀ ရက်တွင် သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်း၊ YUSC ကွင်း၌ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ မတ် ၃၁ ရက်တွင် YUSC ကွင်း၌ စစ်ကိုင်းအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ Southern အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

လူငယ်လိဂ်နှင့် ပထမတန်းပြိုင်ပွဲများကိုမူ မူလသတ်မှတ်ထားသည့်ရက်များအတိုင်း ဆက်လက်ကျင်းပမည်ဖြစ်သော်လည်း ပရိသတ်ကြည့်ရှုခွင့်မပြုဘဲ ကွင်းပိတ်ကျင်းပသွားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်