၉ မတ်

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲများကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့က ထုတ်ပြန်ကြေညာခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) မှ တာဝန်ရှိသူများနှင့် ညိနှိုင်းကာ မတ်နှင့် ဇွန်လတွင်ကျင်းပမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲများမှာ ပြီးဆုံးရန် သုံးပွဲနှင့် လေးပွဲသာလိုတော့ပြီး COVID-19 ရောဂါကြောင့် ပွဲစဉ်များရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပွဲများကို အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထား သော်လည်း ရောဂါအခြေအနေအပေါ် မူတည်ကြောင်း သိရသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယ အဆင့်လက်ကျန်ပွဲများအဖြစ် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲစဉ်များရွှေ့ဆိုင်းလိုက်သောေကြာင့် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်မည့် အစီအစဉ်များကို ဖျက်သိမ်းရမည်ဖြစ်သည်။

COVID-19 ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဘောလုံးပွဲများ ရွှေ့ဆိုင်းခြင်း၊ ပရိသတ်မပါဘဲကစားခြင်းများအပြင် အခြားအားကစားပြိုင်ပွဲများကိုလည်း ရွှေ့ဆိုင်းလျက်ရှိသည်။ ထို့ပြင် မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် အာရှ စနူကာ 6Red ပြိုင်ပွဲ၊ အာရှလူငယ်ပြေးခုန်ပစ်ပြိုင်ပွဲများကို ရွှေ့ဆိုင်းခဲ့ရသလို မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည့်ပြိုင်ပွဲများအနက် ပေါ်တူဂီပြိုင်ပွဲနှင့် ပိုလန်ပြိုင်ပွဲတို့ကိုရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်