ကျောက်တန်း ၉ မေ
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရေကျော်ကျေးရွာ၌ မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြစိမ်းရောင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ပေးပေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်အတူ ရေကျော်ကျေးရွာ စီမံကိန်းအဖွဲ့ဝင်(၁၂၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ၄၃၀ သိန်းအား အတိုးနှုန်းပြား(၅၀)နှုန်းဖြင့် ကျေးရွာစီမံကိန်းအဖွဲ့ဝင်တစ်ဦးခြင်းစီအား အိမ်တိုင်ရာရောက်သွားရောက်၍ စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးလက်နေပြည်သူတွေ မိသားစုဝင်ငွေတိုးပွားမှုအပေါ် ထိခိုက်မှုတွေ သက်သာနိုင်စေရန် အတိုးနှုန်းကို အနိမ့်ဆုံး ထိလျော့ချ၍ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း၊ ထိုသို့ထုတ်ချေးပေးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ပြောသည်။
စိုးမိုးကျော်


