ရန်ကုန် ၁၉ မတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်ရှိ ဈေးများကို ပိတ်သိမ်းသွားမည်ဟု သတင်းပြန့်နှံ့နေခြင်းသည် ကောလာဟလ သတင်းအမှားဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနက သိရသည်။
“ဈေးတွေအားလုံး ပိတ်ဖို့ အစီအစဉ်မရှိပါဘူး။ ညွှန်ကြားချက် တစ်စုံတစ်ရာ မရမခြင်း ဈေးတွေကို ပိတ်ဖို့ အစီအစဉ် မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနသည် မတ် ၁၆ ရက်မှ စတင်ကာ (က)အဆင့်ဈေး (၂၇)ဈေးနှင့် (ခ)အဆင့်ဈေး (၂၁)ဈေး စုစုပေါင်း ဈေး (၄၈)ဈေးတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာသူများကို ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် လက်သန့်ဆေးဘူးများဖြင့် လက်ဆေးနိုင်ရေး စီစဉ်ပေးထားကြောင်း ဈေးများဌာနက သိရသည်။
ထို့ပြင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ကြက်/ဘဲဈေး အပါအဝင် တိရစ္ဆာန်အသားစိမ်းရောင်းချနေသော ဈေးများတွင် လုပ်ကိုင်နေသူများကို တိရစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရန်၊ မိမိမှတစ်ဆင့် တစ်ခြားသူ ရောဂါမကူးစက်အောင် အထူးဂရုပြုနေထိုင်သွားရန်၊ နှာခေါင်းစည်း၊ ရှေ့ဖုံးအကာအင်္ကျီ၊ လက်အိတ်နှင့် လည်ရှည် ဖိနပ်များ စနစ်တကျ ဝတ်ဆင်အသုံးပြုရန်နှင့် လက်သန့်ရှင်းရေးကိုဂရုပြုရန် အသိပေးဗီနိုင်း ပိုစတာများ ကပ်ထားကြောင်း သိရသည်။
“ဈေးသူဈေးသားနဲ့ ဈေးဝယ်တွေအတွက် လက်သန့်ဆေးရည်တွေ စီစဉ်ပေးထားတဲ့အပြင် အပူချိန်တိုင်းတာတွေကို ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးအသိပညာပေး နံရံကပ်ပိုစတာတွေကိုလည်း ဈေးတိုင်းမှာ ကပ်ထားပေးပါတယ်။ သတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမယ့်အပြင် ဈေးတွေမှာရှိတဲ့ ဈေးတာဝန်ခံတွေကိုလည်း မေးနိုင်ပါတယ်” ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်မှုအောက်၌ ဈေးပေါင်း (၁၈၄)ဈေးရှိပြီး (က)အဆင့်နှင့် (ခ)အဆင့် သတ်မှတ်ထားသည့် ဈေးများတွင်သာ ကိုယ်အပူချိန်တိုင်း ကိရိယာများနှင့် လက်သန့်ဆေးရည်များ ဖြန့်ဝေထားပြီး ကျန်ဈေးများတွင် အပူချိန်တိုင်းကိရိယာနှင့် လက်သန့်ဆေးရည်များ ဆက်လက်ဖြန့်ဝေရန် ဆောင်ရွက်လျက်ရှိကြောင်း ဈေးများဌာနက သိရသည်။
သတင်း - မင်းသစ်(MNA)/ ဓာတ်ပုံ - မောင်မောင်မြင့်


