နေပြည်တော် ၁၈ မတ်
ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်၌ ယနေ့စတင်ပြုလုပ်မည့် စာမေးပွဲအား COVID-19 ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အစားထိုးစာမေးပွဲကို ဇွန်လဆန်းတွင် ကျင်းပရန် လျာထားကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့မှ သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ယနေ့ စတင်ကျင်းပမည့် စာမေးပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကာ စာမေးပွဲဖြေဆိုလိုသော ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ပုံမှန်အတိုင်းဆက်လက် ဖြေဆိုရမည်ဖြစ်ကြောင်း၊ စာမေးပွဲ ပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသားများအနေဖြင့် မတ် ၁၈ နှင့် ၁၉ ရက်များတွင် ကျောင်းသားရေးရာဌာနတွင် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ စာမေးပွဲပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်အဆောင်တွင် နေထိုင်သူများဖြစ်ပါက မတ် ၂၀ နောက်ဆုံးထား၍ အဆောင်မှထွက်ခွာပြီး မိမိနေရပ်သို့ ပြန်ကြရန်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ်က အသိပေးကြေညာထားကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်အပါအဝင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမပညာသင်ကာလ စာမေးပွဲများကို ယနေ့ မတ် ၁၈ ရက်တွင် စတင်ဖြေဆိုလျက်ရှိပြီး COVID-19 ရောဂါကို စိုးရိမ်မှုရှိကြသော်လည်း ဖြေဆိုသူများပြားပြီး ပျက်ကွက်သူ နည်းပါကြောင်း သိရသည်။
ကေတာ


