ကျောက်တံတား ၁၁ ဇွန်
မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ အသင်းဝင် သက်ကြီး အငြိမ်းစားဝန်ထမ်းများအား COVID-19 ရောဂါ ဖြစ်ပွားနေစဥ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ထောက်ပံ့ကြေး တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဇွန် ၅ ရက် နံနက်ပိုင်းမှစတင်၍ ၃၆ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းရုံးတွင် ထုတ်ပေးလျက်ရှိရာ ဇွန် ၁၀ ရက်ထိ သက်ကြီးအငြိမ်းစားပင်စင် စုစုပေါင်း (၁၀၀)ကျော် ထုတ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့မှုကို မရရှိသေးသော အသင်း၀င် သက်ကြီးအငြိမ်းစားများ လာရောက်ထုတ်ယူရေးအတွက် နိုင်ငံပိုင်သတင်းစာများမှ ကြိုတင်ကြေညာထားကြောင်းနှင့် ဇွန် ၃၀ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။
ထိုသို့ လာရောက်ထုတ်ယူစဉ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် ကျောက်တံတားမြို့နယ်တို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များဆေးကြောပေးခြင်း၊ Face Mask များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ ဝန်ထမ်းဟောင်းများနှင့် စေတနာရှင်အလှူရှင်များမှလည်း ဝန်ထမ်းဟောင်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြနှင်း(ပြန်/ဆက်)


