မန္တလေး ၇ သြဂုတ်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်း အမြစ်ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။
ပြည်သူများ၏ သတင်းပေးမှုနှင့် တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် ကားများကို စနစ်တကျ စိစစ်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
“နည်းအမျိုးမျိုးနဲ့ ၀င်နေတယ်။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးရှာနေတယ်။ ဒါကို စီမံချက်တစ်ခုအနေနဲ့ လုပ်မယ်ဆိုရင် အခက်အခဲက ရှိနေတော့ စီမံချက်နဲ့မလုပ်နိုင်ပေမယ့် သေချာတော့ဆောင်ရွက်နေတယ်”ဟု တိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီး ဦးအောင်ကြည် က ပြောသည်။
ဖမ်းဆီးရမိထားသည့် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအနက် ၉ ဦးကို ငွေဒဏ် ၅ သိန်းနှင့် ပြည်နှင်ဒဏ်များချမှတ်ပြီး ၃၂ ဦးကို ပြစ်ဒဏ်ချမှတ်နိုင်ရန် တရားစွဲဆိုခြင်းများ ဆောင်ရွက်ထားကြောင်း ဦးအောင်ကြည်က ပြောသည်။
ဇွန် ၁၅ ရက်မှ ဇူလိုင် ၂၉ ရက်ထိ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားဖမ်းဆီးရမိမှု ၈ ကြိမ်ရှိခဲ့ပြီး ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါကာလဖြစ်သည့် မတ်လမှ ယခုသြဂုတ်လအတွင်း ပြင်ဦးလွင်မြို့ ရေငယ်ကျေးရွာရှိ X-Ray စစ်ဆေးရေးဂိတ်အပါအ၀င် အခြားနေရာများမှ တရားမဝင်ခိုး၀င်လာသည့် တရုတ် နိုင်ငံသားများရှိနေပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိစာရင်းများအရ ၇၁ ဦးအထိ ရှိနေသည်။
ဖြိုးအိ