mdn

 

၁။ Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်း အဝေး အမှတ်စဉ် ၂/၂၀၂၀ ၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများ အဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်၍ ၁၀၀ ဘီလီယံ ကျပ်ဖြင့် COVID -19 Fund ထူထောင်ကာ ချေးငွေ များ ထုတ်ချေးပေးရန် ဆုံးဖြတ်ခဲ့ပါသည်။

 

၂။ အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ပါသည်။

 

၃။ သို့ပါ၍ ဦးစားပေးကုစားရမည့် ကဏ္ဍများရှိ အောက်ပါအချက်များနှင့် ( အကျုံးဝင်ကိုက်ညီသော စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေရယူနိုင်ရေး လျှောက်ထားနိုင်ပါသည်-

 

(က) COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ရမည်။

(ခ) လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည်သို့မဟုတ် ယခု ကြေညာချက်ထုတ်ပြန်သည့်နေ့မှ ယခင် ၃ လ အတွင်း ယာယီရပ်စဲထားပြီး ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင်လည်ပတ်နိုင်သည့် လုပ်ငန်းဖြစ်ရမည်။

(ဂ) ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှခွင့်ပြုချက် လုပ်ငန်းလိုင်စင် ရထားပြီးသည့်လုပ်ငန်း ဖြစ်ရမည်။

(ဃ) လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသောလုပ်ငန်းဖြစ်ရမည်။

 (င) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေအနေ ရှိသည့်လုပ်ငန်း ဖြစ်ရမည်။

(စ) ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိ လုပ်ငန်းလည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်း ဖြစ်ရမည်။

(ဆ) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီမဖြစ်စေရ။ ကုမ္ပဏီမဟုတ် သောစီးပွားရေးလုပ်ငန်း ဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန/ အဖွဲ့ အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့်စီးပွားရေးလုပ်ငန်း မဖြစ်စေရ။

(ဇ) ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ်ရမည်။

 (ဈ)လူမှုဖူလုံရေးထည့်ဝင်ကြေး ပုံမှန်ထည့်ဝင်ထားသည့်လုပ်ငန်းကိုဦးစားပေးနိုင်သည်။

 (ည) ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအားပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်။

 

၄။ ချေးငွေပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ချေးငွေရယူထားသည့်လုပ်ငန်း များအနေဖြင့် ချေးငွေပေးဆပ်မှုပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်။

 

၅။ ချေးငွေများကို သတ်မှတ်ထားသည့် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန် စာရွက် စာတမ်းအချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပါသည်။ သတ်မှတ်ချက် များနှင့် ပြည့်စုံကိုက်ညီခြင်းမရှိသည့်လျှောက်လွှာများကို လက်ခံဆောင်ရွက် ပေးမည် မဟုတ်ပါ။ ၆။ လျှောက်လွှာများကို အောက်ပါရုံး၊ ဌာနများတွင် ရယူနိုင်ပါသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့။

 ( ခ ) တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးများ။

( ဂ ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ။

(ဃ) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ။

(င) ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများ။

 

၇။ လျှောက်လွှာများကို အောက်ဖော်ပြပါ website များမှလည်း ထုတ်ယူ နိုင်ပါသည် -

 

(က) www.mopfi.gov.mm

( ခ ) www.mifer.gov.mm

( ဂ ) www.msme.gov.mm

(ဃ) www.tourism.gov.mm

(င)  www.dica.gov.mm

(စ)  www.umfcci.com.mm

 

၈။ လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက် နေ့အတွင်း နေ့စဉ် နံနက် ၀၉:၃၀ မှ ညနေ ၀၄:၃၀ အချိန်အတွင်း အောက်ပါ နေရာများ၌ လက်ခံသွားမည်ဖြစ်ပါသည် -

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်။

( ခ) တိုင်းဒေသကြီးနှင့်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးများ။

 

၉။ လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့ထက် ကျော်လွန်တင်ပြလာသည့်လျှောက်လွှာ များအား လက်ခံဆောင်ရွက်ခြင်းပြုမည်မဟုတ်ပါ။

 

 ၁၀။ ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက်ဖော်ပြပါရုံး၊ ဌာနနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်

 

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၀၁ - ၂၃၁၄၃၄၃

 ကုန်သည်များနှင့် စက်မှုလက်မှု ၀၁ - ၂၃၀၂၄၈၅

လုပ်ငန်းရှင်များအသင်းချုပ်။  ၀၁ - ၂၃၀၁၅၆၂ [email protected]

 ( ခ ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ၊ ၀၁ - ၆၅၈၁၂၁

ညွှန်ကြားမှုဦးစီးဌာန။ ၀၁ - ၆၅၈၁၃၁

 (ဂ) စက်မှုကြီးကြပ်ရေးနှင့် ၀၉-၅၁၅၃၉၄၆

 စစ်ဆေးရေးဦးစီးဌာန။

 (ဃ) ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ၀၉-၅၀၃၄၅၈၂

ဦးစီးဌာန။

 

၁၁။ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် အပိုဒ် ၁ ပါ ကဏ္ဍများမှ သတ်မှတ် ချက်များနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေလျှောက် ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်

စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ