နေပြည်တော် ၁ ဇွန်
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းမှ ဆောင်ရွက်ခဲ့သည့် COVID-19 Wave and Myanmar Tourism Today Online Discussion ကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ဆွေးနွေးသည်။
အဆိုပါ Online Discussion သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့က Online မှ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း က Moderator အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ဒုတိယဝန်ကြီး ဦးတင်လတ် က ဝန်ကြီးဌာနအနေဖြင့် UNWTO, PATA, တို့၏ သတ်မှတ်ချက်များ၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စီးပွားရေးသက်ရောက်မှုအပေါ် ပြန်လည်ကုစားရေးကော်မတီ၏ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ အကြံပြုချက်များနှင့်အညီ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် လုပ်ဆောင်မည့် Tourism Strategic Road Map ကို ဆက်လက်ရပ်တည်နိုင်ရေး၊ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ပြန်လည် ဖိတ်ခေါ်ခြင်းဟူ၍ အဆင့်(၃) ဆင့်ဖြင့်ရေးဆွဲပြီး စတင်အကောင်ထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ဆက်လက် ရပ်တည်နိုင်ရေး အဆင့်တွင် လိုင်စင်ကြေးများ ကင်းလွတ်ခွင့်ပြုခြင်း၊ Stimulus Package မှ ချေးငွေထုတ်ပေးခြင်း များ ဆောင်ရွက်ပြီးဖြစ်ပြီး ပြန်လည် ဖွင့်လှစ်ခြင်းအဆင့်အတွက် ခရီးသွားများကို COVID Safe Service ပေးနိုင်ရန် Guideline များ၊ SOP များ ရေးဆွဲပြင်ဆင်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေသည့် အရေးပေါ်ကာလတွင် ကုစားရေးနှင့် ကယ်ဆယ်ရေးအတွက် ဦးစားပေး၍ ပထမအကြိမ် ချေးငွေကိုထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများပျက်မသွားစေရန်နှင့် ဝန်ထမ်းများကို လစာပေးနိုင်ရန် ဦးစားပေးစဉ်းစား၍ ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ ချေးငွေတင်ပြရာတွင် မှန်ကန်မှုရှိမရှိ စိစစ်၍ ရသင့်ရထိုက်သူများကို ရရှိစေရေးအတွက် စိစစ်ပါကြောင်း၊ ခရီးသွားကဏ္ဍကို ချေးငွေထုတ်ပေးရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ရယူ ထားသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအား ချေးငွေထုတ်ပေးပြီး စည်ပင်သာယာရေးကော်မတီမှ လိုင်စင် ရယူထားသည့် တည်းခိုရိပ်သာများအား SME လုပ်ငန်းများအဖြစ် ချေးငွေထုတ်ပေးနိုင်အောင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ချေးငွေထုတ်ပေးရာတွင် ခရီးသွားကဏ္ဍအနေဖြင့် ပထမအကြိမ် ချေးငွေ၏ (၃) ချိုး (၁) ချိုးရရှိခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ချေးငွေရရှိခြင်းမှာ မူလက SCMB နှင့် SME များကိုသာ ထုတ်ပေးရန် သတ်မှတ်ထားသော်လည်း ဝန်ကြီးဌာန၏ တင်ပြချက်ကြောင့်သာ ချေးငွေများရရှိခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ နှင့် ပတ်သက်၍ စီးပွားရေးသက်ရောက်မှုကို ပြန်လည်ကုစားရေးအတွက် မတ်လ (၁၃) ရက်နေ့တွင် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီအတွင်း လုပ်ငန်းစဉ် (၆) ရပ်အပြင် ချက်ချင်းဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၊ ကာလတို၊ ကာလရှည် လုပ်ငန်းစဉ်များ ချမှတ်ထားပါကြောင်း၊ ကိုဗစ်-၁၉ စတင်ချိန်တွင် ကုန်သွယ်မှုလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများအပေါ် ဖြစ်ပေါ်ခဲ့သည့် သက်ရောက်မှုအပေါ်မူတည်၍ ခရီးသွားလုပ်ငန်းအပေါ်တွင်ပါ ထိခိုက်လာနိုင်ကြောင်း သုံးသပ်မိသည့်အတွက် လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို သုံးသပ်၍ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ကာကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်ရာတွင် ခရီးသွားကဏ္ဍကိုပါ ထည့်သွင်းခဲ့ပါကြောင်း၊ ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် SCMB၊ SME နှင့် Tourism ဟူသော ကဏ္ဍ (၃) ခုကို ကုစားနိုင်ရေးအတွက် အခွန်ဆိုင်ရာဖြေလျော့မှုများ၊ အတိုးနှုန်းထားများ ဖြေလျော့မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေ မှ ဘီလီယံ ၁၀၀ မှ sector ၃ ခုကို ဦးစားပေး၍ ကုစားနိုင်ရေးအတွက် အသုတ် ၄ သုတ်ချေးငွေထုတ်ချေးပေးပြီးဖြစ်ရာ စတုတ္ထအကြိမ်အထိ ၂၈ ဘီလီယံ သုံးစွဲထားပြီးဖြစ်ပါကြောင်း၊ ချေးငွေထုတ်ချေးရာတွင် ဟိုတယ်လုပ်ငန်း ၁၆၈ ခုအတွက်ငွေကျပ် ၇ ဒသမ ၁၄၅ ဘီလီယံကို လည်းကောင်း၊ ခရီးသွားလုပ်ငန်း ဆက်စပ်ကုမ္ပဏီ ၁၀၇ ခုအတွက် ငွေကျပ် ၁ ဒသမ ၈၉၉ ဘီလီယံ ကိုလည်းကောင်း၊ စားသောက်ဆိုင်လုပ်ငန်း ၅၈ ခုအတွက် ငွေကျပ် ၁ ဒသမ ၄၆၆ ဘီလီယံကို လည်းကောင်း၊ စုစုပေါင်း လုပ်ငန်း ၃၃၃ ခုအတွက် ငွေကျပ် ၁၀ ဒသမ ၅၁ ဘီလီယံ ထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်ထုတ်ချေး နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းသည် များစွာဆက်စပ်လျက်ရှိပါကြောင်း၊ ၂၀၂၀ ခုနှစ် အတွင်း ခရီးသည် သန်းပေါင်း ၃၂၀၀ ကျော် ကျဆင်းသွားပြီး အကျိုးအမြတ်အနေဖြင့် ၄၂၀ ဘီလီယံခန့် ကျဆင်းသွားပါကြောင်း၊ ကိုဗစ်-၁၉ ကာလတွင်း ကမ္ဘာ့နိုင်ငံများရှိ လေကြောင်းလိုင်းများတွင် များစွာထိခိုက်မှု ရှိနေပါကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံတွင် ပြေးဆွဲလျက်ရှိသည့် နိုင်ငံပိုင်လေကြောင်းလိုင်းအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လေယာဉ်များကိုသာ အလေးထား ပြေးဆွဲနေရကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့က ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်စပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကာ သိရှိလိုသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


