COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အချက်များ

ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်မှုနဲ့အတူ မဖြစ်မနေ ဂရုစိုက်ကာကွယ်ရမယ့် အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ကိုဗစ်ဗိုင်းရပ်စ် အဓိက ဝင်ရောက် ဖျက်ဆီးပစ်နိုင်တဲ့ အဆုတ်ပါ။

 

အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာဖို့က ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့ အရေးပါသလို အခုလို ကိုဗစ်ကာလမှာလည်း ကျန်းမာနေစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ အဆုတ်လေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံလေးကို ပြောပြပေးပါရစေ။

 

COVID-19ကာလ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘာတွေကို လိုက်နာရမလဲ။

 

ကိုဗစ်ကာလမှာ အဆုတ်လေး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို အခုလိုလေး ပြောင်းလဲဖို့ လိုပါမယ်။

 

အိမ်တွင်း လေထု သန့်စင်ပါစေ

 

အခုလိုကာလက နေအိမ်မှာ နေထိုင်ရတဲ့အချိန် ပိုများပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် နေအိမ်တွင်း လေထု သန့်စင်ဖို့က တော်တော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နေအိမ်ကို နေ့စဉ် သန့်ရှင်းရေး လုပ်ပါ။ ဖုန်စုပ်ပါ။ လိုက်ကာတွေ၊ အိပ်ရာခင်းတွေကို ပုံမှန် လဲလှယ်ပါ။

 

တစ်လတစ်ခေါက်လောက် တစ်အိမ်လုံးကို ဖုန်ခါပစ်ပါ။ လေဝင်လေထွက်ကောင်းစေဖို့လည်း ဂရုစိုက်ပါ။

 

ရေများများသောက်ပါ

 

ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က ရေဓာတ်ပြည့်ဝဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှုက ကိုယ်ခံအား ကောင်းစေသလို အဆုတ် ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။

 

ရေများများသောက်တာက အဆုတ်ကို ချွဲတွေကြောင့် ထိခိုက်တာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အသက်ရှူရ ကောင်းစေပါတယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကိုလည်း ကာကွယ်ပေးပါတယ်။

 

ဆေးလိပ် မသောက်ပါနဲ့

 

ဆေးလိပ်သောက်တာက အဆုတ် ကျန်းမာရေးကို အားနည်းစေနိုင်ပါတယ်။ ကိုယ်ခံအားကို ထိခိုက်စေသလို အဆုတ်ကင်ဆာအပါအဝင် အမျိုးမျိုးသော အဆုတ်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်လေးကို ကိုဗစ် ရန် နဲ့ အခြားသော ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ ဆေးလိပ်ဖြတ်ပါ။

 

ဆေးလိပ်အပြင် vape သောက်တာ၊ e-cigs သောက်တာတွေကိုပါ မလုပ်ပါနဲ့။ ဒါတွေက အဆုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှ ရှောင်ပါ။

 

လေ့ကျင့်ခန်း လုပ်ပါ

 

ကြွက်သားတွေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင် ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ရသလို အဆုတ် ကျန်းမာစေဖို့လည်း လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကိုယ်ခံအားကောင်းစေသလို အဆုတ်ကိုလည်း ကျန်းမာစေမှာပါ။

 

လေ့ကျင့်ခန်း လုပ်တာက အဆုတ်ကို သန့်စင်စေပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။

 

အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ

 

ကိုယ်လက်လေ့ကျင့်ခန်း လုပ်သလို အသက်ရှူလေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်သင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးတာက အဆုတ်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အဆုတ်ကို သန့်စင်စေပါတယ်။

 

ဒါကြောင့် မနက်ခင်းတိုင်းမှာ အဆုတ်အတွက် အကျိုးပြုတဲ့ အသက်ရှူလေ့ကျင့်ခန်းလေး ပုံမှန် လုပ်ပေးပါ။

 

အာဟာရ ပြည့်ဝအောင် စားပါ

 

အဆုတ်ကျန်းမာစေဖို့က အာဟာရ ပြည့်ဝအောင် စားသောက်ဖို့လည်း လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာအဆုတ်ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်မယ့် နနွင်း၊ ဖရုံစေ့၊ ဘယ်ရီသီး၊ ငရုတ်ပွ၊ ရေနွေးကြမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ငါးစတာတွေကို စားပေးပါ။

 

ဒီလို လုပ်ဆောင်ပေးတာက အဆုတ်ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ အဆုတ်လေး ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေကို အခုပဲ လိုက်နာလိုက်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon