ပဲခူး စက်တင်ဘာ ၁၆         

 

ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စုရှိ တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်အတွင်း မျိုးကွဲနုတ်ပယ် နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက  ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးမည့်တောင်သူများ၊ မျိုးစပါးနှင့် စံပြကွက်စိုက် တောင်သူများအတွက် ဓာတ်မြေဩဇာ အမြန်ဆုံးခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ပြီး ကျွဲ/နွားနှင့် ဒေသကြက်မွေးမြူသူများအတွက် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် အစားထိုး သုံးစွဲနိုင်ရေးအတွက် နေဗီယာမြက် စိုက်ပျိုးနည်း အသိပညာ ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ပုကိုင်တာပေါ်ရှိ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေဖြင့်  ဆောင်ရွက်သည့် မိုးယွန်းကြီး ရေပိုလွှဲ တည်ဆောက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်က ပုကိုင်တာ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မြေထိန်းနံရံများ ထိန်းသိမ်း စောင့်ရှောက်ရန်၊ မိုးယွန်းကြီးအင်းသည် ကမ္ဘာ့ရေတိမ်ဒေသဖြစ်၍ ရေတံခါးမှ ရေထုတ်ရာတွင် သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့်‌ နွေစပါးရေရရှိရေး အကျိုးရှိရှိ ဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါ-အင်းတိုင်စုလမ်း ကွန်ကရစ်လမ်းခင်းနေမှုကို လည်းကောင်း ဝေါမြို့နယ်၊ ပြွန်စုအခြေခံပညာမူလတန်းလွန်ကျောင်းရှိ စာသင်ခန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့၊ မြို့မဈေးအတွင်း ဈေးရောင်း ချနေသည့် ဈေးသည်မိသားစုဝင်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံနေမှု ကြည့်ရှုအားပေးပြီး ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ငါးခုံးမကောင်ရေ (၂)သိန်းနှင့် ငါးမြစ်ချင်း ကောင်ရေ(၂)သိန်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)