စပါးစျေးကောင်းပြီး အထွက်နည်းသဖြင့် ယခုနှစ် စပါးစိုက်တောင်သူများ အမြတ်နည်း

ကောလင်း၊ ၁၄ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း မိုးစပါးများ ရိတ်သိမ်းကြပြီဖြစ်၍ နေ့စားအလုပ်သမားများ၊ စပါးရိတ်စက်များ၊ စပါးခြွေလှေ့စက်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိသော်လည်း စပါးစိုက်တောင်သူများမှာ စပါးစျေးကောင်းသော်လည်း စပါးအထွက်နှုန်းနည်း၍ ဝင်ငွေလျော့နည်းကာ အမြတ်နည်းကြကြောင်း သိရသည်။

 

“ဒီနှစ် ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်မှာ ဇူလိုင်လနှင့် သြဂုတ်လမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မိုးစပါးစိုက်ခင်းတွေ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြပါတယ်။ အောက်တိုဘာလမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး လေရော၊ မိုးရော တွဲလာသဖြင့် ကျွန်တော်တို့ဆီမှာဆို ဇီးဖြူပင်ကွင်း၊ လက်ပံကြီးတောကွင်း၊ အုပ်ဖိုကွင်း၊ စိန်လည်ကွင်း စတဲ့ ထွက်လုဆဲ စပါးခင်းများ ယိုင်လဲကုန်သဖြင့် ဖုံးကွဲရေဝင်ဖြစ်ခြင်း၊ နို့ရည်ခဲခါစ ရေဝင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု အုပ်ဖိုကျေးရွာမှ တောင်သူ ဦးတင်အောင်က ပြောပြသည်။

 

"ကျွန်တော့် လယ် ၁၀ ဧကရှိပါတယ်။ ယခင်နှစ်က စပါးရိတ်ခြွေခ တစ်ဧက ၄၀၀၀၀ ကျပ်နဲ့ ငှာရမ်းရပြီး တစ်ဧက တင်း ၈၀ နှုန်းခန့် ထွက်ရှိတယ်။ ယခုနှစ်မှာတော့ စပါးစိုက်ခင်းများ အကုန်လုံးလဲကုန်သဖြင့် တစ်ဧက ၆၅၀၀၀ ကျပ်နှင့် တစ်ဝက်ရိတ်သိမ်းပြီးပါပြီ။ တစ်ဧက ၄၅ တင်း၊ ၅၀ နှုန်းသာ ထွက်ရှိပါတယ်။ စပါးစိုက်ခင်း တစ်ဧကမှာ မျိုးဖိုး၊ ထွန်ယက်ခ၊ ပျိုးနှုတ်ခ၊ ကောက်စိုက်ခ၊ ဓာတ်မြေသြဇာဖိုး၊ စပါးရိတ်ခြွေလှေ့ခ အစရှိတဲ့ ကုန်ကျစရိတ်များမှာ ပျမ်းမျှငွေကျပ် နှစ်ခွဲသိန်းကျော်ရှိသည့်အတွက် အမြတ်နည်းပါတယ်” ဟု ၎င်းကပြောသည်။

 

မြင့်ထွန်းမင်း(ကောလင်း)