သထုံ   ၁၀  ဇူလိုင်   

မွန်ပြည်နယ်၊ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ကောင်ရေ တစ်သိန်းနီးပါးကို  ဇူလိုင်လ ၁၀ ရက်၊ နံနက်က သထုံမြို့နယ်နှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများနှင့် သဘာဝရေပြင် အတွင်းသို့ လိုက်လံမျိုးစိုက်ထည့်ပေးခဲ့ကြ‌သည်။

 

ငါးသယံဇာတတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် မျိုးစိုက်ထည့်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ပြောသည်။

 

ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ငါးသားပေါက်များကို သထုံမြို့ရှိ စပါးစိုက်ဧက ၇၀ အတွင်းသို့ ကောင်ရေ သုံးသောင်းခွဲနှင့် ပေါင်မြို့နယ် ရင်းငြိမ်ချောင်းအတွင်း ကောင်ရေ နှစ်သောင်း၊ စပါးစိုက်ဧက‌ ၈၀ အတွင်း ကောင်ရေ လေးသောင်း၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းနီးပါးကို မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးစိုးမင်းနှင့် ဝန်ထမ်းများ၊ ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)မှ သင်တန်းသားသင်တန်းသူများ ဒေသခံပြည်သူများ ပူးပေါင်း မျိုးစိုက်ထည့်ပေးခဲ့ကြသည်။

 

ယခုနှစ်တွင် မွန်ပြည်နယ်ရှိ ဆည်မြောင်းတာတမံများ၊ လယ်ကြားမြောင်းများ၊ စပါးစိုက်ခင်းများ စသည့်သဘာဝရေပြင်များသို့  ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ ငါးသိုင်းခေါင်းပွ၊ တီလားဗီးယား၊ မြက်စားငါးကြင်း၊ ငါးတန်၊ ငါးမုတ် စသည့် ငါးမျိုးများ သားပေါက်ကောင်ရေ ရှစ်သိန်းကျော်ကို အခမဲ့မျိုးစိုက်ထည့်ပေးနိုင်ရန် လျာထားကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

သက်ဦး(သထုံ)