ရေတာရှည် ၂၀ ဇူလိုင်
ယခင်ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် များစွာအဆင်ပြေခဲ့သော်လည်း ယခုရက်ပိုင်း မိုးရွာသွန်းခြင်းမရှိတော့ဘဲ နေ့အပူချိန်မြင့်တက်လျက်ရှိရာ စိုက်ပျိုးပြီးသည့် စပါးခင်းများ မြေများခြောက်သွေ့ကွဲအက်နေ၍ ရေတင်စက်များ အသုံးပြုကြရသည့်အတွက် တောင်သူများအနေဖြင့် ငွေကြေးအပိုကုန်ကျမှုများ ရှိနေသည်ကို တွေ့ရှိရသည်။
“မိုးရွာတုန်းက ရေတင်တာမြန်တယ်၊ ခုမိုးမရွာတော့ဘူး နေပူချိန်ကလဲ အတော်ကိုပြင်းတာ၊ တစ်ရက်ဆိုတစ်ရက်ပဲ၊ လယ်တွေ ပပ်ကြားအက်ကုန်ပြီ။ ရေသွင်းဖို့ရှိတဲ့ တောင်သူတွေကတော့ စက်နဲ့ရေတင်ကြတယ်၊ ရေတင်စရာမရှိတဲ့ တောင်သူတွေကတော့ မိုးကိုမျှော်ရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူး ဖြစ်နေတယ်”ဟု ကုန်းကြီးကျေးရွာအုပ်စု၊ ပြီစုတ်ကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
တောင်သူအများစုမှာ လယ်ယာလုပ်သားရှားပါးမှု၊ စိုက်ပျိုးစရိတ်မြင့်တက်မှုနှင့် အခြားသော သွင်းအားစုကုန်ကျစရိတ်များကို အတတ်နိုင်ဆုံးသက်သာအောင် ဆောင်ရွက်ကြသည့်အခါ လယ်ကွက်စပါးပင်များအကြား ပေါင်းပင်များထူပြောခြင်းကြောင့် ပေါင်းသတ်ဆေးအမျိုးမျိုး ထပ်မံသုံးစွဲကြရခြင်း၊ သုံးစွဲကြရသည့် ပေါင်းသတ်ဆေးများမှာလည်း အစွမ်းအာနိသင် နည်းပါးသည့်အခါ ဆေးအမျိုးမျိုးပြောင်း၍ ဝယ်ယူသုံးစွဲနေကြရသည်ဖြစ်ရာ ကုန်ကျစရိတ် ချွေတာနိုင်ရေးထက် စပါးပင်များဖြစ်ထွန်းအောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်နေကြရသည်ကို တွေ့ရှိရသည်။
“အချိန်တန်မှပဲ စပါးကဘယ်ဈေးပေါက်မလဲတော့ မသိဘူးဗျာ။ ထွန်ယက်စိုက်ပျိုးစရိတ်နဲ့ အခြားကုန်ကျစရိတ်တွေကတော့ ချွေတာလေလေ ပိုကုန်လေလေဖြစ်နေပြီ။ စိုက်ပြီးမှတော့ ဖြစ်ထွန်းအောင် တော့လုပ်ရမှာပါပဲ”ဟု အထက်ပါတောင်သူကပင် ဆက်လက်ပြောသည်။
ကိုလွင်(ဆွာ)


