ဇူလိုင် ၇ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား(၁၆)သင်း အဆင့်တွေမှာ စပိန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ နိုင်ပွဲကိုယ်စီရပြီး ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
စပိန်အသင်းဟာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်မှုတွေကို မြင်တွေ့ခဲ့ရကာ စပိန်အသင်းက သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို တစ်မိနစ်အရောက်မှာရရှိခဲ့တဲ့ လူစားဝင်ကစားသမားမာရီနိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီး ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်အထိ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုရဲ့ ကမ္ဘာ့ဖလားဆက်လက်ကစားခွင့်လည်း အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။
စပိန်အသင်းကတော့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ (၁၆)သင်းအဆင့်မှာ ပူးတွဲအိမ်ရှင် အမေရိကန်အသင်းကို လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အမေရိကန်အသင်းအနေနဲ့ ဘယ်လ်ဂျီယံအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြီဖြစ်တာမို့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်အသင်းအားလုံး ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါ တယ်။
ငွေကြယ်


