၂၁ ဩဂုတ်

 

 

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ပြန်လည် ကူးစက်မှုကို ထိန်းချုပ်နေပေမယ့် အောင်မြင်မှု မရှိသေးကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေ များပြားနေဆဲဖြစ်ကြောင်း အရေးပေါ်ဌာနရဲ့ ဒါရိုက်တာက ကြာသပတေးနေ့က ဝန်ခံပြောကြား လိုက်ပါတယ်။

 

 

စပိန်နိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံး နိုင်ငံတွေမှာ ပါဝင်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃၀,၀၀၀ နီးပါးရှိပြီး အသွားအလာ ကန့်သတ်မှုကို ရုပ်သိမ်းပြီး အချိန် နှစ်လကျော် အတွင်းမှာ ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန် ကူးစက်မှု များပြားလာတာကို တွေ့ရပါတယ်။

 

 

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ အရေးပေါ်ဌာနရဲ့ ဒါရိုက်တာ ဖာနန်ဒို ဆီမွန် က ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို အထူးသဖြင့် လူငယ်တွေကြားမှာ ပိုပြီး သတိထားမိအောင် နာမည်ကြီး ဆိုရှယ် မီဒီယာသမားတွေက သတိပေးမှုတွေ ကူညီလုပ်ဆောင်ပေးဖို့ ဆော်ဩ လိုက်သလို  ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးဟာ မအောင်မြင်သေးဘူးဆိုတာ ပြောလိုကြောင်းနဲ့ အရင်လို ပုံစံမျိုး ဖြစ်မလာအောင် လုပ်ဆောင်ရမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

 

 

စပိန်နိုင်ငံမှာ လက်ရှိ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်မှာ ပျမ်းမျှအားဖြင့် လူဦးရေ ၁၀၀,၀၀၀ မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၃၀ ဦး ရှိရာ အိမ်နီးချင်း ဉရောပ နိုင်ငံတွေဖြစ်တဲ့ ပြင်သစ် ၄၃ နဲ့ ဂျာမနီ ၁၇ ဦးသာ ပျမ်းမျှတွေ့ရှိရတဲ့အတွက် အဆများစွာ များနေတာကို တွေ့ရပါတယ်။

 

 

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ဗုဒ္ဓဟူးနေ့မှာ ၇,၀၃၉ ဦး ရှိရာ စုစုပေါင်း ၃၇၇,၉၀၆ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၁၂၂ ဦးရှိကြောင်း၊ ဇူလိုင်လကုန်ပိုင်း သီတင်းပတ်မှာတော့ ၁၂ ဦးသာ ရှိကြောင်း သိရပါတယ်။ စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၂၈,၈၁၃ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် နိုက်ကလပ်တွေနဲ့ ဒစ္စကိုပွဲတွေကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ပိတ်ဖို့ အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

 

 117386996_3680