မက်ဒရစ် ဒီဇင်ဘာ ၁၄

 

စပိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၈၀၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

ထို့ကြောင့် စပိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၃၃၉၉၉၂ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၈၈၄၈၄ ဦးရှိလာကြောင်း သိရသည်။ စပိန်နိုင်ငံ၌ လွန်ခဲ့သည့် သုံးရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ် ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည်လည်း မြင့်တက်မှုရှိခဲ့ကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

 

စပိန်နိုင်ငံသည် အဆိုပါအသက်အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရန် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၁ ဒသမ ၃၆ သန်းအနက်မှ ပထမဆုံး အသုတ်ကို ဒီဇင်ဘာ ၁၃ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။

 

စပိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည့်အပြင် အာဖရိက၌ စတင် တွေ့ရှိသည့် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုသည်လည်း မြင့်တက်လျက်ရှိကြောင်း စပိန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်