စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလား (၁၄)ကြိမ်မြောက် ဆွတ်ခူး

စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်နဲ့ နော်ဝေတင်းနစ် ကစားသမား ကက်စပါရုဒ်တို့ ဇွန် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ ရာဖေးလ်နာဒယ်က ကက်စပါရုဒ်ကို အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ် ဆုဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရာဖေးလ်နာဒယ်ဟာ ကက်စပါရုဒ်ကို ၆-၃၊ ၆-၃၊ ၆-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုလို ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာကြောင့် အမျိုးသားတစ်ဦးချင်း ဂရန်းဆလမ်းဆုဖလားကို (၂၂) ကြိမ် မြောက်အထိ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ရာဖေးလ်နာဒယ်ဟာ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ပွဲစဉ်စုစုပေါင်း ၁၁၅ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၁၁၂ ပွဲအထိ နိုင်ပွဲရရှိခဲ့တဲ့ မှတ်တမ်းကောင်းတစ်ရပ်လည်း ရရှိပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တင်းနစ်လောကရဲ့ ကမ္ဘာ့အဆင့် (၅)နေရာမှာ ရပ်တည်နေတဲ့ ရာဖေးလ်နာဒယ်ဟာ ဂရန်းဆလမ်းပြိုင်ပွဲ တွေဖြစ်တဲ့ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆုဖလားနှစ်ကြိမ်၊ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆုဖလား (၁၄) ကြိမ်၊ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ဆုဖလားနှစ်ကြိမ်နဲ့ အမေရိကန် အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ဆုဖလားလေးကြိမ် အသီးသီး ရယူဆွတ်ခူးထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ငွေကြယ်